နယ်သာလန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ယူမယ့်အစီအစဥ်ကို စွန့်လွှတ်လိုက်ပါတယ်။

ကမ္ဘာ့အသက်အငယ်ဆုံး တက္ကသိုလ်ဘွဲ့ရတစ်ဦး ဖြစ်လာတော့မယ် ဘယ်ဂျီယံလူမျိုး အသက်ကိုးနှစ်သားလေးက နယ်သာလန်တက္ကသိုလ်မှာ ပညာသင်ကြားနေမှုကို အံ့အားသင့်ဖွယ် ရပ်ဆိုင်းလိုက်ပြီး ထိုတက္ကသိုလ်မှ ဘွဲ့ယူမယ့်အစီအစဥ်ကို စွန့်လွှတ်လိုက်ကြောင်း သိရပါတယ်။

(ညဏ်ကြီးရှင် ကိုးနှစ်သားလေး လောရင့်) (Photo: Laurent Simons/Instagram)

အိုင်ကျူအမှတ် ၁၄၅ ရှိတဲ့ ထိုကလေးငယ်ဟာ Eindhoven University of Technology မှာ ပညာသင်ကြားနေခဲ့ပြီး မူလအစီအစဥ်အရ ယခုနှစ်ကုန်ပိုင်းမှာ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ဖြင့် ဘွဲ့ရရှိတော့မှာ ဖြစ်ပါတယ်။ သို့သော် ဘွဲ့ရရှိမယ့်ရက်နဲ့ ပတ်သက်ပြီး တက္ကသိုလ်နဲ့ အငြင်းပွားမှုရှိလာခဲ့ပြီးနောက် လောရင့်ဆိုင်မွန်စ် အမည်ရှိ အသက်ကိုးနှစ်သားနဲ့ ၎င်းရဲ့မိဘတွေက ထိုတက္ကသိုလ်မှာ ပညာဆက်မသင်ရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။



တက္ကသိုလ်ဘက်က လောရင့်ရဲ့ ပညာသင်ကြားမှုပြီးဆုံးကာ ဘွဲ့အပ်နှင်းမှုကို ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ပါတယ်။ ထိုအခြေအနေကို လောရင့်ရဲ့မိဘတွေက လက်မခံတော့ဘဲ Eindhoven University of Technology မှာ လောရင့် ပညာသင်ကြားနေမှုကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

(လောရင့်နှင့် မိဘများ) (Photo: Meulenhof)

တက္ကသိုလ်ဘက်က အပြောင်းအလဲအရ လောရင့်ဟာ ဒီဇင်ဘာ ၂၆ ရက်မှာကျရောက်မယ့် ၎င်းရဲ့မွေးနေ့မတိုင်မီ စာမေးပွဲအများအပြား ဖြေဆိုရမယ့်အခြေအနေအပေါ် မိဘတွေက စဥ်းစားခဲ့ကြပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ အဆိုပါ တက္ကသိုလ်မှာ ပညာဆက်မသင်တော့ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

"ပြီးခဲ့တဲ့အပတ်အထိ အားလုံး အဆင်ပြေပြေပါပဲ၊ အခုကျမှ ရုတ်တရက်ကြီး ပညာသင်ကာလပြီးဆုံးမယ့်အချိန်နဲ့ ဘွဲ့ပေးမယ့်ရက်ကို ခြောက်လကြာ ရွှေ့ဆိုင်းလိုက်တယ်လေ" လို့ လောရင့်ရဲ့ဖခင် အလက်ဇန်ဒါဆိုင်မွန်စ်က Reuters သတင်းဌာနကို ယမန်နေ့ (ဒီဇင်ဘာ ၁၀ ရက်) မှာ ပြောခဲ့ပါတယ်။

(လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ဖြင့် တက္ကသိုလ်တက်ခဲ့သည့် လောရင့်) (Photo: ad.nl/photo news)

လောရင့် ဘွဲ့ရမယ့်ရက်က မိသားစုအတွက် ပြဿနာတစ်ရပ်မဟုတ်ကြောင်း၊ သို့သော် လောရင့်ရဲ့ နောက်ထပ် ဘွဲ့လွန်ပညာရေးအတွက် အခြားနေရာသို့ ပြောင်းရွှေ့သင်ကြားမယ့် အစီအစဥ်အပေါ် တက္ကသိုလ်ဘက်က တုံ့ပြန်လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ခံစားမိကြောင်း အလက်ဇန်ဒါဆိုင်မွန်စ်က ဆိုပါတယ်။

"ကျွန်တော်တို့က လောရင့်ရဲ့ ပါရဂူဘွဲ့ (PhD) အတွက် တခြား တက္ကသိုလ်မှာ သင်ကြားဖို့အတွက် အပြီးသတ်ဆုံးဖြတ်ခဲ့ချိန်မှာ ဒီလို စီစဥ်လာတာက အရမ်းကြီး ထူးခြားနေတယ်လေ" လို့ အလက်ဇန်ဒါဆိုင်မွန်စ်က ပြောခဲ့ပါတယ်။ လောရင့်ကို ကမ္ဘာတစ်ဝှမ်းမှ တက္ကသိုလ်အများအပြားက ကမ်းလှမ်းထားမှုတွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

(လောရင့်နှင့် ၎င်းရဲ့ခွေးလေး) (Photo: Reuters)

ဉာဏ်ကြီးရှင်လေး လောရင့်က brain-on-chip လို့ အမည်ပေးထားတဲ့ ဇီဝဆေးပညာနဲ့ လျှပ်စစ်အင်ဂျင်နီယာ နယ်ပယ်တို့ကို ပေါင်းစပ်ထားတဲ့ ပရော့ဂျက်တစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ၎င်းက Eindhoven University of Technology မှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုကို ပုံတူကူးယူမယ့် ကွန်ပျူတာဆားကစ်တစ်ခုကို တီထွင်နေပါတယ်။

"ကျွန်တော်တို့လုပ်ဆောင်နေတာက အာရုံခံဆဲလ်တွေကို နေရာချထားပြီး ဆက်သွယ်မှုတွေလုပ်ပြီးတော့ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုမှာ ဆေးဝါးကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာ သိဖို့ပါ" လို့ လောရင့်က ဆိုပါတယ်။ ဘယ်ဂျီယံမှာ မွေးဖွားခဲ့ပြီး လက်ရှိ နယ်သာလန်မှာ နေထိုင်လျက်ရှိတဲ့ ၉ နှစ်သား‌‌‌လေး လောရင့်က အထက်တန်းကျောင်းကို တစ်နှစ်အတွင်းမှာ ပြီးမြောက်ခဲ့ပါတယ်။ ထို့နောက် တက္ကသိုလ်တက်ရောက်ခဲ့ရာ သုံးနှစ်ကြာ သင်ကြားရမယ့် ဘွဲ့သင်တန်းကို ကိုးလအတွင်းဖြင့်သာ အံ့အားသင့်ဖွယ် သင်ယူပြီးမြောက်တော့မယ်လို့ အစောပိုင်း သတင်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။

(ကိုယ်အင်္ဂါအစိတ်အပိုင်းအတုများ ဖန်တီးရန် စိတ်ဝင်စားသူ လောရင့်) (Photo: Meulenhof)

"သူ ဉာဏ်ဘယ်လောက်ပြေးတယ်ဆိုတာ ကျွန်တော်တို့ သူ့ခေါင်းထဲမှာ ဘာတွေဖြစ်နေလဲ စိတ်ကူးမကြည့်နိုင်ဘူး၊ သူက ကျွန်တော်တို့ တွေ့ဖူးသမျှ အတော်ဆုံး ကျောင်းသားထက် သုံးဆလောက် ပိုတော်တာဖြစ်နိုင်တယ်" လို့ Eindhoven University of Technology တာဝန်ရှိသူ Sjoerd Hulshof က ချီးကျူးခဲ့ပါတယ်။

"ကျွန်တော် ပါရဂူဘွဲ့ဆက်ယူဖို့နဲ့ ဆေးပညာကိုလည်း နည်းနည်းလေ့လာဖို့ စီစဥ်နေပါတယ်၊ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ အားလပ်ရက်ပေါ့" လို့ ဘွဲ့လွန်ဆက်တက်မယ့် လောရင့်က ၎င်းရဲ့ အစီအစဥ်ကို ပြောထားပါတယ်။ လက်ရှိအချိန်အထိ အသက်အငယ်ဆုံးအရွယ်ဖြင့် ဘွဲ့ရရှိထားသူကတော့ အမေရိကန်လူမျိုး မိုက်ကယ်ကီရာနေးဖြစ်ပြီး ၁၉၉၄ ခုနှစ် ဇွန်လအတွင်းက အသက် ၁၀ နှစ်နဲ့ ၄ လအရွယ်မှာ ဘွဲ့ရခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအရ သိရှိရပါတယ်။

Share

Loading Next Article...
က္က