Line Walker -2 ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးစဉ် တစ်ပတ်ကာလအတွင်း ရန်ကုန်မြို့ရဲ့အချက်အချာကျတဲ့ လမ်းတွေမှာ လမ်းပိတ်၊ လမ်းလွှဲတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ၊ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ထားပါတယ်။
Line Walker -2 ရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီ(၁၇) ရက်နေ့က စလို့ (၂၆) ရက်နေ့အထိ ရန်ကုန်မှာ လာရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ယင်းဇာတ်ကား လာရောက်ရိုက်ကူးနေစဉ် အချိန်အတောအတွင်းမှာ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ လမ်းပိတ်၊လမ်းလွှဲတွေ ပြုလုပ်မယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်လို့ ဝါရင့် သရုပ်ဆောင်ကြီးတစ်ဦးဖြစ်သလို ပရဟိတမင်းသားကြီးတစ်ဦးဖြစ်တဲ့ ဦးကျော်သူက သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်လို့ ထားပါတယ်။
“အော်... မြန်မာအနုပညာရှင်တွေက မြန်မာပြည်ထဲမှာရိုက်တော့ လေယာဉ်ကွင်း၊တက္ကသိုလ်၊ဆေးရုံတွေမှာရိုက်ချင်ပါတယ်ဆို ဝေးရော။ဘုရားမှာလည်း ဂေါပကကိုကြောက်ရ။လမ်းမှာဆိုလည်း ယာဉ်ကြောပိတ်မှုနဲ့ယာဉ်ထိမ်းရဲကိုကြောက်ရ။ ရပ်ကွက်၊ရွာထဲမှာဆိုလည်း အုပ်ချုပ်ရေးနဲ့လမ်းမှူးကိုေ ကြာက်ရ။ သုဿန်ဆိုရင်လည်း သုဿန်ပိုင်နဲ့စည်ပင်ကိုကြောက်ရ နဲ့ဗျာ။ဈေးမှာဆိုရင်လည်း ဈေးခေါင်းနဲ့စည်ပင်ကိုကြောက်ရ။ နောက် မြန်မာကားတွေက မပီပြင်ဘူး၊သဘာဝမကျဘူးအပြောခံရနဲ့ဗျာ။သူတို့ သူတို့က မြန်မာပြည်ထဲလာရိုက်တော့ လမ်းတွေပိတ်ပစ်၊ဆိုင်တွေပိတ်ပစ်၊ကားတွေတားပစ်နဲ့ ပြည်သူလူထုကိုဒီလို သတိပေးချက်၊ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး သူတို့ သူတို့နဲ့ပူးပေါင်းပေးကြတယ်ဗျ ။အော်စေတနာတွေ စေတနာတွေ။သာဓု သာဓု ပါဗျာ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၁၅) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
ကျော်သူအနေနဲ့ နောင်ဘဝ လူပြန်ဖြစ်ရင် Bollywood၊ Hollywood မှာ အနုပညာသည်သာ ဖြစ်ပါရစေတော့ဆိုပြီး ဆုတောင်းထားပါသေးတယ်။ ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။
ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။
၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီးကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးဇာတ်ကားအဖြစ် ထုတ်လုပ်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ်ဆောင် ခဲ့ကြပါတယ်။