သေဆုံးသူအရေအတွက် တစ်ပတ်အတွင်း သိသာစွာ မြင့်တက်လာခဲ့ပါတယ်။

အိန္ဒိယမြောက်ပိုင်း ဘီဟာပြည်နယ်မှာ လိုက်ချီးသီးမှာတွေ့ရတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းနဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်ရောဂါကြောင့် သေဆုံးသူ ကလေးအရေအတွက် ၁၀၀ ကျော်အထိ မြင့်တက်လာကြောင်း တာဝန်ရှိသူတွေက ယမန်နေ့ (ဇွန် ၁၇ ရက်) နှောင်းပိုင်းမှာ ပြောပါတယ်။

(Photo: Ministry of Health, India)

လူဦးရေ သန်း ၁၀၀ နီးပါး နေထိုင်ကြပြီး အိန္ဒိယရဲ့ အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာပြည်နယ်မှာ လတ်တလော ကာလအတွင်း ပြင်းထန်တဲ့ အပူလှိုင်းကျရောက်မှုကိုလည်း ကြုံတွေ့နေရပြီး အပူဒဏ်ကြောင့် လူ ၇၈ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစောပိုင်းကလည်း အပူဒဏ်ကြောင့် ဘီဟာပြည်နယ်မှာ ၂၄ နာရီအတွင်း လူ ၅၀ နီးပါး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ မြင့်တက်လာနိုင်သေးကြောင်း သတင်းတွေက ပြောထားခဲ့ပါတယ်။



ဘီဟာပြည်နယ်မှာ လိုက်ချီးသီးနဲ့ဆက်နွယ်နေတဲ့ Acute Encephalitis Syndrome (AES) ခေါ် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါ ဖြစ်ပွားမှုများ ဇွန်လဆန်းပိုင်းကတည်းက ရှိနေခဲ့ပြီး အစောပိုင်းသတင်းတွေမှာ ကလေးငယ် ၃၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားခဲ့ပြီး ယခုအခါ သေဆုံးသူအရေအတွက် တစ်ပတ်အတွင်း သိသာစွာ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: SMH)

အဆိုပါ ဦးနှောက်ရောဂါကြောင့် Muzaffarpur ဒေသရှိ ပြည်နယ်ရဲ့အကြီးဆုံး အစိုးရဆေးရုံဖြစ်တဲ့ Sri Krishna Medical College and Hospital (SKMCH) မှာ ကလေးငယ် ၈၅ ဦးနဲ့ အခြား ပုဂ္ဂလိက ဆေးရုံတစ်ရုံမှာလည်း ကလေး ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်မှာလည်း နောက်ထပ် ကလေးငယ် ၁၈ ဦး ထပ်မံသေဆုံးခဲ့ရာ လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက် ၁၁၃ ဦးအထိရှိပြီလို့ တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး Press Trust of India သတင်းက ပြောပါတယ်။

သေဆုံးသူ ကလေးအများစုဟာ ၎င်းတို့ရဲ့သွေးအတွင်း ရုတ်တရက် ဂလူးကို့စ် (glucose) ဆုံးရှုံးမှု ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။ ယခုကဲ့သို့ ဦးနှောက်ရောဂါဖြစ်ပွားမှုဟာ နှစ်စဉ် နွေရာသီကာလအတွင်း Muzzaffarpur နဲ့ အနီးအနားရှိ ဒေသတွေမှာ ၁၉၉၉ ခုနှစ်ကတည်းက ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လိုက်ချီးသီးရာသီနဲ့ တိုက်ဆိုင်နေတတ်ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

ဒေသခံတွေက Chamki Bukhar လို့ သိထားကြတဲ့ ဦးနှောက်ရောဂါကြောင့် အိန္ဒိယမှာ၂၀၁၄ ခုနှစ်က သေဆုံးသူ ၁၅၀ အထိ စံချိန်တင် များပြားခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် သုတေသနပညာရှင်တွေက အဆိုပါ ဦးနှောက်ရောဂါဟာ လိုက်ချီးသီးမှာတွေ့ရတဲ့ အဆိပ်သင့်ဓာတ်ပစ္စည်းတစ်ခုနဲ့ ဆက်နွယ်နေကြောင်း ပြောခဲ့ပါတယ်။ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်နိုင်ငံတို့ရှိ လိုက်ချီးသီး စိုက်ပျိုးတဲ့ဒေသများမှာလည်း တွေ့ရလေ့ရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က