သရုပ်ဆောင်အကယ်ဒမီလူမင်း နဲ့ ခင်စံပယ်ဦးတို့ရဲ့ မိသားစုဘဝလေးက အရမ်းကိုချစ်စရာကောင်းသလို ပရိသတ်တိုင်းကလည်း အားကျရ တဲ့ မိသားစုလေးတစ်စု ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးကြီး ဧရာဝတီလူမင်းကတော့ အသက် ၁၀ နှစ်ရှိပြီဖြစ်သလို သားလေး ဧဝရတ်လူမင်း က အသက် ၈ နှစ်ခွဲ ရှိပြီလို့ သိရပါတယ်။ သမီးနဲ့ သားဖြစ်သူတို့ရဲ့ ဝါသနာလေးတွေ အကြောင်းကိုလည်း လူမင်းက Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။
'' သမီးက ၁၀ နှစ်၊ သားက ၈ နှစ်ခွဲပေါ့။ သူတို့တွေကလည်း အရွယ်နဲ့ မမျှအောင် ကျောင်းစာတွေလုပ်နေရတာ ဆိုတော့ မအားကြတာများ တယ်။ အနုပညာပိုးလေးတွေကလည်း သမီးကတော့ စပြလာပြီ ကြော်ငြာရိုက်ချင်တယ်တို့ ဘာတို့၊ တကယ်လို့ သရုပ်ဆောင်ရရင် သူဘယ်လိုလုပ်ရမှာလဲ၊ သူ Actor လုပ်ရမှာလား၊ Singer လုပ်ရမှာလားပေါ့ အဲ့ဒါတွေ မေးလာတာကလည်း သူစိတ်ဝင်စားလာတာ လေးတွေတော့ ပြလာပြီ သားကတော့ ယောကျာ်းလေးဆိုတော့ ဆော့မယ်၊ ဘောလုံးကန်မယ် တစ်ခုပြီးတစ်ခုပေါ့ ဒီနေ့ စကိတ်စီးမယ်၊ နောက်နေ့ ဘောလုံးကန်မယ် တစ်ခုပြီးတစ်ခုပဲ'' လို့ သူကဆိုပါတယ်။
ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းတို့ မောင်နှမ နှစ်ဦးက အနုပညာကို ဝါသနာပါခဲ့ရင် ဝမ်းမြောက်ဝမ်းသာနဲ့ ပံ့ပိုးပေးသွားမယ်ဆိုတဲ့ ဖခင်ဖြစ်သူ အကယ်ဒမီလူမင်းရဲ့ ဆန္ဒကို ရှိလည်းကောင်း၊ မရှိလည်းကောင်း ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းပေါ်က Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာဖြေဆိုခဲ့တာဖြစ်ပါတယ်။
'' သူတို့ရဲ့ ဝါသနာအစစ်အမှန်ကို ကောက်ချက်ချဖို့ကတော့ ခက်တယ်။ ကျွမ်းဘားတွေဆိုလည်း ကစားချင်လိုက်တာပဲ။ သီချင်းလည်း ဆိုချင်၊ Dancer လည်း ကချင်လိုက်တာပဲ အစရှိသဖြင့် ကလေးဆိုတော့ သူစွဲလမ်းပြီး ကြည့်မိကြည့်ရာ လုပ်ချင်မိတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ အစ်ကိုက ဒီအနုပညာအလုပ်ကို အရမ်းတန်ဖိုးထားပြီး အရမ်းမြတ်နိုးတာ အစ်ကို့အမွေဆက်ခံဖို့ သူတို့ဝါသနာပါလာတယ်ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ ပံ့ပိုးပေးရမှာပေါ့။ ဝါသနာမပါပေမယ့်လည်း ကိုယ့်အဖေက ဒါကြီးမို့လို့ ဒါလုပ်ရမယ်ဆိုတာမျိုးတော့ အတင်း မလုပ်ခိုင်းပါဘူး'' လို့ သူကဆိုပါတယ်။
သရုပ်ဆောင် အကယ်ဒမီလူမင်းနဲ့ ခင်စံပယ်ဦးတို့ဟာ သမီးကြီးဖြစ်သူ ဧရာဝတီလူမင်းကို အခက်အခဲတွေကြားကနေ မွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ သားလေးဖြစ်တဲ့ ဧဝရတ်လူမင်းကိုတော့ မိဘတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်စွမ်းဖို့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်လို ကြံဖန် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
''တစ်ယောက်နဲ့ တစ်ယောက်ကလည်း မတူကြဘူး သမီးတုန်းကလည်း သားသမီးက ခက်ခဲတော့ ကလေးမှ ထွန်းကားပါ့မလား ဆိုတဲ့ အချိန်မှာ ကြိုးကြိုးစားစား ခက်ခက်ခဲခဲနဲ့ နည်းပညာအကူအညီတွေနဲ့ရော ဧရာဝတီကို ရယူခဲ့ရတာ ဆိုတော့လေ။ သားကြတော့လည်း မမျှော်လင့်ပဲနဲ့ သမီးမွေးပြီးတော့ တစ်နှစ်လောက်မှာပဲ သားကို ကိုယ်ဝန်စရှိသွားတာပေါ့။ သားကျတော့ မမျှော်လင့်ဘဲ အခက်အခဲမရှိဘဲ မိဘတွေရဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှု ဘာမှ မဖြစ်ရပဲ ကိုယ်လိုချင်တဲ့ သားယောကျ်ားလေးလည်းရတယ်။ တနင်္ဂနွေသားလေးလည်းဖြစ်တယ်။ အစရှိသဖြင့်ပေါ့ မိဘတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စွမ်းဖို့မွေးဖွားလာတဲ့ ကလေးလိုမျိုးပေါ့ ဒီလိုပဲ မိဘတွေကတော့ ကြံဖန်ပြီး ဂုဏ်ယူ တာပေါ့'' ဆိုပြီးတော့ လူမင်းက ပြောပြခဲ့ပါတယ်။
လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၃)နှစ်ကြာ ရှိခဲ့ပါပြီ။ အနုပညာလောကထဲမှာ အချိန်ကြာမြင့်စွာ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် လူမင်းဟာ ယခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေး ကိုပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
နားလည်ဖြည့်ဆည်းပေးတဲ့ ဇနီးကို ချစ်လည်းချစ် ကျေးဇူးလည်းတင်တယ်ဆိုတဲ့ လူမင်း
ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။
Share