Facebook ရဲ့ နာမည်သစ်ကင်ပွန်းတပ်အစီအစဉ်ဟာ ကုမ္ပဏီအတွက် အတော်လေး ငွေကုန်ကြေးကျများရဖို့ ရှိနေပါတယ်။
Facebook ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ကုမ္ပဏီနာမည်ကို Meta လို့ ပြောင်းလိုက်ပြီး Facebook နဲ့တခြားစီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ဖို့ မိခင်ကုမ္ပဏီအနေနဲ့ တည်ထောင်လိုက်ပါတယ်။ ကုမ္ပဏီနာမည်သစ်ပေးလိုက်တာဟာ ရှေ့ဆက်သွားမယ့် Metaverse စီမံကိန်းကို ပိုပြီး ထိထိရောက်ရောက်ပုံဖော်နိုင်ဖို့ဖြစ်တယ်လို့လည်း ကုမ္ပဏီ CEO မတ်ခ်ဇူကာဘတ်က ကုမ္ပဏီနာမည်သစ်ကြေညာပွဲမှာ ပြောခဲ့ပါတယ်။
လုပ်ငန်းနာမည်သစ်ပေးရာမှာ အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားတယ်လို့တော့ ပြောမရပါဘူး။ Meta ရဲ့ကုန်အမှတ်တံဆိပ် trademark ဟာ အရီဇိုးနားအခြေစိုက် custom PC ထုတ်လုပ်တဲ့ Meta PC ကုမ္ပဏီရဲ့ trademark နဲ့ တူနေပြီး Meta PC တည်ထောင်သူတွေက သူတို့ရဲ့ trademark ဝယ်ချင်ရင် ရောင်းမယ်လို့ Facebook ကို ကမ်းလှမ်းထားပတယ်။
Meta PC တည်ထောင်သူတွေ ဖြစ်တဲ့ ဒါဂါးနဲ့ ရှတ်သ် တို့ဟာ Meta ရဲ့ Trademark နာမည်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က စပြီး မှတ်ပုံတင်ခဲ့တာပါ။ trademark ထဲမှာ စက်ပစ္စည်းတွေ ၊ ဆာဗာ ၊ ကွန်ရက်အစိတ်အပိုင်း ၊ Notebook ၊ တက်ဘလက် စတဲ့ ကွန်ပျူတာနဲ့ဆက်စပ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ထုတ်လုပ်မယ်လို့ ဖော်ပြထားပါတယ်။ TMZ သတင်းအရ Meta တည်ထောင်သူတွေ ဖြစ်တဲ့ ဂျိုး ဒါဂါးနဲ့ ဇက်ခ် ရှတ်သ်တို့ဟာ ဒီလုပ်ငန်းကို တည်ထောင်လည်ပတ်နေတာ တစ်နှစ်ကျော်ကျော်ပဲ ရှိသေးပြီး မကြာသေးခင်ကပဲ ကုမ္ပဏီ Brand ကို တရားဝင်မှတ်ပုံတင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: TMZ
လောလောဆယ် Meta PC ရဲ့ Trademark လျှောက်တာ ခွင့်ပြုချက်မကျသေးဘူးဆိုပေမယ့် သူတို့ Trademark တင်တာဟာ မတ်ခ်ဇူကာဘတ်ခ်ထက် စောနေတယ်လို့ ဆိုရမှာပါ။ မတ်ခ်ဇူကာဘတ်အနေနဲ့ Meta Trademark လိုချင်ရင် ဒေါ်လာ သန်း ၂၀ ပေးဝယ်နိုင်တယ်လို့ ဒါဂါးနဲ့ ရှတ်သ်တို့က ကမ်းလှမ်းထားပါတယ်။ တကယ်လို့ Meta PC သာ Trademark တရားဝင်ကျလာရင် Facebook အနေနဲ့ Meta အမှတ်တံဆိပ်ကို ဒီထက်ဈေးကြီးကြီးနဲ့ ပေးဝယ်ရဖို့ ရှိပါတယ်။
ဇူကာဘတ်ခ်ကတော့ ဒါဂါးနဲ့ ရှတ်သ်တို့ရဲ့ ကမ်းလှမ်းမှုကို တုံ့ပြန်ခြင်း မရှိသေးပါဘူး။ လောလောဆယ်မှာတော့ Facebook ရဲ့ လုပ်ငန်းနာမည်သစ်ပေးပွဲကြောင့် Meta PC ဟာ ကြားထဲကနေ Social Media ပေါ်မှာ Follower ၅၀၀၀% တိုးလာပြီး PC ရောင်းအားတွေ တက်လာဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာလည်း Facebook ရဲ့ Digital Wallet သစ် Calibra လိုဂိုကြောင့် တရားစွဲခံခဲ့ရပါတယ်။ Current လို့ ခေါ်တဲ့ Startup Bank တစ်ခုက Caliba ဟာ ကုမ္ပဏီရဲ့ Logo နဲ့ သွားဆင်နေတာကြောင့် ကုန်အမှတ်တံဆိပ်ချိုးဖောက်မှုနဲ့ Facebook ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။