တစ်ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေ နှေးကွေးသွားတဲ့ လက္ခဏာမရှိသေးသလို အရှေ့တောင်အာရှဒေသမှာလည်း ကူးစက်မှုတွေ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။
(Photo: Duwun)
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှာ ကူးစက်ခံရသူ စုစုပေါင်း ၈၂၁,၆၃၃ ဦးနဲ့ သေဆုံးသူ ၁၉,၉၇၈ ဦး ရှိလာကြောင်း ယနေ့ (အောက်တိုဘာ ၁၆ ရက်) ညပိုင်းအထိ ကိန်းဂဏန်းအချက်အလက်တွေအရ သိရှိရပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနဲ့ မလေးရှား လေးနိုင်ငံမှာ နေ့စဥ် ကူးစက်မှုတွေ ထောင်ဂဏန်း၊ ရာဂဏန်း တိုးလာနေခဲ့ပါတယ်။
နောက်ဆုံး စာရင်းတွေအရ အင်ဒိုနီးရှားက ဖိလစ်ပိုင်ကိုကျော်လွန်ပြီးအရှေ့တောင်အာရှမှာ COVID-19 ကူးစက်မှုအများဆုံးတွေ့ရတဲ့ နိုင်ငံဖြစ်လာပါတယ်။ အင်ဒိုနီးရှားဟာ ဒေသတွင်းမှာ COVID-19 ကြောင့် သေဆုံးမှုအများဆုံးလည်း ဖြစ်ပါတယ်။ စာရင်းတွေအရ အင်ဒိုနီးရှားမှာ တစ်လအတွင်း ကူးစက်ခံရသူ ၁၂၉,၄၃၁ ဦးနဲ့ သေဆုံးသူ ၃,၃၈၂ ဦး တိုးလာခဲ့တာ တွေ့ရပါတယ်။ အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဖိလစ်ပိုင်မှာတော့ တစ်လအတွင်း ကူးစက်ခံရသူ ၈၄,၃၄၃ ဦးနဲ့ သေဆုံးသူ ၁,၈၆၈ ဦး တိုးလာခဲ့ပါတယ်။
(Photo: Duwun)
ကူးစက်မှု တတိယအများဆုံးဖြစ်တဲ့ စင်ကာပူမှာတော့ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွားခဲ့ပြီး တစ်လအတွင်း ကူးစက်မှုအသစ် ၄၁၃ ဦး တိုးခဲ့ပါတယ်။ ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်လာနေခဲ့တဲ့ မြန်မာနိုင်ငံက ဒေသတွင်းမှာ မလေးရှားထက်ကျော်လွန်ပြီး စတုတ္တမြောက် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူဦးရေဟာလည်း တစ်လအတွင်း သိသာစွာ မြင့်တက်လာခဲ့ပြီး လက်ရှိမှာ အရှေ့တောင်အာရှဒေသတွင်း သေဆုံးမှု တတိယအများဆုံးနိုင်ငံဖြစ်ကြောင်း သိရပါတယ်။ ဩဂုတ်လလယ်မှစပြီး ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှု အများစုဖြစ်တဲ့ ကူးစက်မှုတွေ ပြန်မြင့်တက်လာခဲ့ပြီးနောက် စက်တင်ဘာလအတွင်းမှာတော့ ရန်ကုန်တိုင်းက ကူးစက်မှုအဆိုးဆုံးနေရာ ဖြစ်လာခဲ့ပါတယ်။
(Photo: Duwun)
မြန်မာနိုင်ငံမှာ အစောပိုင်းကူးစက်မှုတွေ ဖြစ်ပွားခဲ့စဥ်က တစ်ခုတည်းသော ကူးစက်မှုမတွေ့ရတဲ့ ပြည်နယ်ဖြစ်ခဲ့တဲ့ ကယားပြည်နယ်မှာလည်း အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်မှုအရ ပထမဆုံး ကူးစက်ခံရသူရှိလာခဲ့ကြောင်း သိရပါတယ်။ ယခုအခါ ရန်ကုန်တိုင်းမှာ သတ်မှတ်ဆောင်ရွက်ထားခဲ့တဲ့ ပိတ်ပင်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးထားပြီး COVID-19 ကူးစက်မှုထိန်းချုပ်ကာကွယ်ရေး စည်းမျဥ်းသတ်မှတ်များနဲ့ ကိုက်ညီတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ပြန်လည် ဖွင့်လှစ်ခွင်ပြုထားပါတယ်။ ထို့အတူ ရန်ကုန်တိုင်း အဝင်အထွက်ကိုလည်း ပြန်ခွင့်ပြုထားပြီ ဖြစ်ပါတယ်။
ယနေ့ညပိုင်းမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 နောက်ဆုံးအခြေအနေ ပြည်သူသို့ အစီရင်တင်ပြတဲ့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာမှာ ယခုရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုကို အနည်းငယ် ထိန်းချုပ်လာနိုင်ကြောင်းနဲ့ အားလုံးပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာလလယ်မှ ယခု အောက်တိုဘာလလယ်အထိ တစ်လအတွင်း COVID-19 အတည်ပြုလူနာ ၂၉,၈၅၂ ဦးနဲ့ သေဆုံးသူ ၇၆၀ ဦးအထိ သိသိသာသာ တိုးလာခဲ့ပါတယ်။ ယနေ့ (အောက်တိုဘာ ၁၆ ရက်) ညပိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်မှုအရလည်း ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၁,၁၃၈ ဦး၊ သေဆုံးသူ ၃၄ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ ၇၇၁ ဦး တိုးလာခဲ့ပါတယ်။
(Photo: Duwun)
မြန်မာနိုင်ငံမှာ ယနေ့ညပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၃၃,၄၈၈ ဦး၊ သေဆုံးသူ ၇၉၉ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံဆင်းခွင့်ရသူကတော့ ၁၅,၄၇၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။ အရှေ့တောင်အာရှရှိ မလေးရှားနိုင်ငံမှာလည်း လတ်တလော ရက်များအတွင်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေခဲ့ပြီး ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပူထရာဂျာယာတို့မှာ ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်ထားပါတယ်။
စာရင်းတွေအရ စက်တင်ဘာလလယ်မှ အောက်တိုဘာလလယ်အထိ တစ်လအတွင်း အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရသူ ၂၅၁,၀၉၀ ဦး၊ သေဆုံးသူ ၆,၀၆၀ ဦးတိုးလာခဲ့ကြောင်း တွေ့ရပါတယ်။ ထိုအတောအတွင်း အရှေ့တောင်အာရှရှိ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမော နိုင်ငံတွေမှာတော့ နေ့စဥ် ကူးစက်မှုအသစ် ဂဏန်းတစ်လုံးအရေအတွက်သာတွေ့ရ သို့မဟုတ် ကူးစက်မှုအသစ် မတွေ့ရကြောင်း စာရင်းအချက်အလက်တွေအရ သိရှိရပါတယ်။
အရှေ့တောင်အာရှဒေသတွင်း COVID-19 အခြေအနေ
• အင်ဒိုနီးရှား - (ကူးစက် - ၃၅၄,၄၆၁၊ သေဆုံး - ၁၂,၃၄၇၊ ပြန်လည်သက်သာ - ၂၇၇,၅၄၄)
• ဖိလစ်ပိုင် - (ကူးစက် - ၃၅၁,၇၅၀၊ သေဆုံး - ၆,၅၃၁၊ ပြန်လည်သက်သာ - ၂၉၄,၈၆၅)
• စင်ကာပူ - (ကူးစက် - ၅၇,၉၀၁၊ သေဆုံး - ၂၈၊ ပြန်လည်သက်သာ - ၅၇,၇၆၄)
• မြန်မာ - ကူးစက် - ၃၃,၄၈၈၊ သေဆုံး - ၇၉၉၊ ပြန်လည်သက်သာ - ၁၅,၄၇၇)
• မလေးရှား - (ကူးစက် - ၁၈,၇၅၈၊ သေဆုံး - ၁၇၆၊ ပြန်လည်သက်သာ - ၁၂,၂၅၉)
• ထိုင်း - (ကူးစက် - ၃,၆၆၉၊ သေဆုံး - ၅၉၊ ပြန်လည်သက်သာ - ၃,၄၆၇)
• ဗီယက်နမ် - (ကူးစက် - ၁,၁၂၄၊ သေဆုံး - ၃၅၊ ပြန်လည်သက်သာ - ၁,၀၃၀)
• ကမ္ဘောဒီးယား - (ကူးစက် - ၂၈၃၊ သေဆုံး - မရှိ၊ ပြန်လည်သက်သာ - ၂၇၈)
• ဘရူနိုင်း - (ကူးစက် - ၁၄၇၊ သေဆုံး - ၃၊ ပြန်လည်သက်သာ - ၁၄၃)
• အရှေ့တီမော - (ကူးစက် - ၂၉၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၈)
• လာအို - (ကူးစက် - ၂၃၊ သေဆုံး - ၀၊ ပြန်လည်သက်သာ - ၂၂)
စုစုပေါင်း အရေအတွက် - (ကူးစက် - ၈၂၁,၆၃၃၊ သေဆုံး - ၁၉,၉၇၈၊ ပြန်လည်သက်သာ - ၆၆၂,၈၇၇)
(အောက်တိုဘာ ၁၆ မြန်မာစံတော်ချိန် ညပိုင်းအထိ သိရှိရတဲ့ သတင်းအချက်အလက်များအရဖြစ်ပါတယ်)
Ref: Worldometers, CNA Covid Map, MoHS
Share