၂၀၂၀ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲနေ့ မတိုင်မီ ကြိုတင်မဲပေးကြတဲ့ အမေရိကန်ပြည်သူ သန်း ၇၀ ကျော်ပြီဖြစ်ပြီး ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးသူစုစုပေါင်းရဲ့ ထက်ဝက်ကျော် အရေအတွက်ဖြစ်တယ်လို့ US Elections Project က ထုတ်ပြန်တဲ့ အောက်တိုဘာ ၂၈ ရက် စာရင်းအရ သိရှိရပါတယ်။
(ထရန်နဲ့ ဂျိုးဘိုင်ဒန် စကားစစ်ထိုးပွဲ) (Photo: Reuters)
ယခုနှစ် ကြိုတင်မဲပေးသူဦးရေဟာ စံချိန်တင်များပြားခဲ့ပြီး ရာစုနှစ်တစ်ခုကျော်အတွင်း ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်း အမြင့်ဆုံးစံချိန်သစ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ မဲပေးမှုတွေ မြင့်တက်လာခြင်းက ရီပတ်ဘလစ်ကင်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ် ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ကြား ယှဥ်ပြိုင်မှုအပေါ် မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု အလွန်ကြီးမားနေတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။
ထို့အတူ မဲဆန္ဒရှင်တွေက ၎င်းတို့အတွက် COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံမှုအန္တရာယ် လျော့နည်းစေရန် ရွေးကောက်ပွဲနေ့မတိုင်မီ ကြိုတင်မဲပေးရန် ပိုမိုစိတ်အားထက်သန်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ လာမယ့် ဆောင်းရာသီကာလအတွင်း ဗိုင်းရပ်စ်ကူးစက်မှု ပိုမိုအားကောင်းလာနိုင်ခြေအပေါ် စိုးရိမ်ပူပူန်မှုတွေ ရှိနေကြပါတယ်။
(ထရန့်ကို ထောက်ခံသူများ) (Photo: Saul Loeb/AFP)
ဒီမိုကရက်တွေက စာတိုက်မှတစ်ဆင့် မဲပေးခြင်းကို ပိုမိုလုပ်ဆောင်နေခဲ့ကြရာ ယခု ကြိုတင်မဲတွေမှာ ဒီမိုကရက်တို့က သိသိသာသာ အသာရနေခဲ့တယ်လို့ ဆိုပါတယ်။ ရီပတ်ဘလစ်ကင်တို့ကတော့ စာတိုက်မှတစ်ဆင့် မဲပေးရန်တွန့်ဆုတ်မှုရှိကြပြီး သမ္မတထရန့်ကလည်း စာတိုက်မှတစ်ဆင့် မဲပေးတဲ့စနစ်ဟာ မဲလိမ်လည်မှုကို ပိုဖြစ်စေနိုင်ကြောင်း ဝေဖန်ပြောဆိုထားပါတယ်။
လက်ရှိ ကြိုတင်မဲတွေအရ ဒီမိုကရက်တို့က နှစ်ဦး-တစ်ဦးနှုန်း (နှစ်မဲ-တစ်မဲ) ဖြင့် အသာရနေပါတယ်။ သို့သော် လတ်တလော သီတင်းပတ်များအတွင်း ရီပတ်ဘလစ်ကင်တို့က စာတိုက်မှတစ်ဆင့် ကြိုတင်မဲပေးမှုနဲ့ လူကိုယ်တိုင် ကြိုတင်မဲ လာရောက်ပေးမှုတို့မှာ မဲကွာဟာချက်ကို ကျဥ်းမြောင်းစေခဲ့ကြောင်း အချက်အလက်တွေက ဖော်ပြပါတယ်။
(ဂျိုးဘိုင်ဒန်ကို ထောက်ခံသူများ) (Photo: Andrew Harnik/AP)
US Elections Project ကို ဦးဆောင်သူ ဖလော်ရီဒါတက္ကသိုလ်မှ ပါမောက္ခ Michael McDonald က ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၆၅ ရာခိုင်နှုန်းဖြစ်တဲ့ မဲဆန္ဒရှင် သန်း ၁၅၀ က မဲပေးကြမယ်လို့ ခန့်မှန်းထားပါတယ်။ ထိုခန့်မှန်းချက်အရ အမေရိကန်ရွေးကောက်ပွဲမှာ ၁၉၀၈ ခုနှစ်နောက်ပိုင်း မဲပေးမှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ပါတယ်။ ယခုနှစ်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးမှုဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ မဲပေးမှုအားလုံးထက် ထက်ဝက်ကျော်နေပြီဖြစ်ကြောင်းနဲ့ ယခုလအတွင်း မဲဆန္ဒရှင် ၄၇ သန်းက မဲပေးခဲ့ကြကြောင်း သိရပါတယ်။