ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Sputnik V ရဲ့ ပထမအသုတ်ကို မော်စကိုမြို့တောင်ဘက်ရှိ ဆေးရုံတစ်ရုံသို့ ပေးပို့ခဲ့ပြီး အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောပါတယ်။
(Photo: Valery Sharifulin/TASS)
ရုရှားအစိုးရက အနောက်အုပ်စု ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့အပြိုင် ကာကွယ်ဆေးကို အဆောတလျင် ထုတ်လုပ်နေခဲ့ပြီး လူအများအပြားဖြင့် နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေအရ COVID-19 ကနေ ကာကွယ်ပေးနိုင်မှုမှာ ၉၂ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ပြောထားပါတယ်။
မော်စကိုမြို့တော်တောင်ဘက် ဒိုမိုဒီဒိုဗိုမြို့ရှိ Central City ဆေးရုံက ၎င်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ ကာကွယ်ဆေးထိုးနှံလိုသူတွေဟာ အစိုးရဝက်ဘ်ဆိုက်တစ်ခုမှာ ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ပြီး COVID-19 ကင်းရှင်းကြောင်း ဆေးစစ်ချက်အဖြေနဲ့ နိုင်ငံသားအထောက်အထား စာရွက်စာတမ်းတွေကို ဆေးထိုးမယ့်ရက်မှာ ယူဆောင်လာရမယ်လို့ ဆိုပါတယ်။
(Photo: Reuters)
နှစ်ကြိမ်ထိုးနှံရတဲ့ ရုရှားထုတ် Sputnik V ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ နိုင်ငံတကာဈေးကွက်မှာ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ((မြန်မာကျပ်ငွေ ၁၃,၀၀၀ ဝန်းကျင်) အောက်ဖြစ်ရာ လူတစ်ဦးအတွက် ဒေါ်လာ ၂၀ အောက် (မြန်မာကျပ်ငွေ ၂၆,၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံသားတွေအတွက်ကိုတော့ COVID-19 ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
ရုရှားထုတ် COVID-19 ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ Pfizer-BioNTech နဲ့ Moderna ကဲ့သို့ အနောက်အုပ်စုရဲ့ ကာကွယ်ဆေးတွေထက် ဈေးသက်သာနေပါတယ်။ အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech ရဲ့ COVID-19 ကာကွယ်ဆေးတစ်လုံးလျှင် ၁၈ ဒေါ်လာ (မြန်မာကျပ်ငွေ ၂၃,၀၀၀ ကျော်) ဖြစ်ပြီး အမေရိကန်ကုမ္ပဏီ Moderna ရဲ့ ကာကွယ်ဆေးကိုတော့ အစိုးရတွေအတွက် ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာအတွင်း (မြန်မာကျပ်ငွေ ၃၂,၀၀၀ ကျော်နဲ့ ၄၈,၀၀၀ ကျော်အတွင်း) ဈေးနှုန်းသတ်မှတ်ထားပါတယ်။
(Photo: Russian Health Ministry/Anadolu)
လာမယ့်နှစ်အတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားမှာ Sputnik V ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော် ထုတ်လုပ်သွားရန် ရည်မှန်ထားကြောင်း ကာကွယ်ဆေးထုတ်လုပ်မှုကို ငွေကြေးထောက်ပံ့ထားတဲ့ RDIF (Russian Direct Investment Fund) အဖွဲ့အစည်းနဲ့ ကာကွယ်ဆေးဖော်စပ်သူတွေက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံမှာ စက်တင်ဘာလကတည်းက ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့ပေမဲ့ အာဏာပိုင်တွေက တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်ရန် ငြင်းပယ်ထားခဲ့ပြီး လိုအပ်တဲ့နေရာတွေမှာသာ ပိတ်ပင်ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ခြင်းဖြင့် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်း ပြေထားခဲ့ပါတယ်။ ရုရှားမှာ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်တဲ့စာရင်းတွေအရ COVID-19 ကူးစက်ခံရသူ ၂၆,၃၃၈ ဦးနဲ့ သေဆုံးသူ ၃၆၈ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူဦးရေ ၂.၃ သန်းနဲ့ သေဆုံးသူ ၃၉,၈၉၅ ဦးရှိလာခဲ့ကြောင်း သိရပါတယ်။