ရုရှားရဲ့ Sputnik V ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးနှံရတာဖြစ်ပြီး တစ်ကြိမ်လျှင် ၁၀ ဒေါ်လာအောက် ကျသင့်မှာပါ။

ရုရှားနိုင်ငံထုတ် Sputnik V အမည်ဖြင့် COVID-19 ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ နိုင်ငံတကာဈေးကွက်မှာ လူတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၂၀ အောက် (မြန်မာကျပ်ငွေ ၂၆,၀၀၀ ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

(Photo: AP)

ရုရှားက လာမယ့်နှစ်အတွင်း ပြည်တွင်းနဲ့ နိုင်ငံခြားမှာ Sputnik V ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော် ထုတ်လုပ်သွားရန် ရည်မှန်ထားကြောင်း ကာကွယ်ဆေးထုတ်လုပ်မှုကို ငွေကြေးထောက်ပံ့ထားတဲ့အဖွဲ့အစည်းနဲ့ ကာကွယ်ဆေးဖော်စပ်သူတွေက ယနေ့ (နိုဝင်ဘာ ၂၄ ရက်) ပြောပါတယ်။



COVID-19 နောက်တစ်ကြိမ် ပြန်ကူးစက်ခံရမှု အနည်းဆုံး ခြောက်လကြာ မဖြစ်နိုင်ဟု လေ့လာမှုအသစ်ကဆို

ရုရှားရဲ့ Sputnik V ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးနှံရတာဖြစ်ပြီး တစ်ကြိမ်လျှင် ၁၀ ဒေါ်လာအောက် ဈေးနှုန်းကျသင့်မယ်လို့ Sputnik V တရားဝင် Twitter အကောင့်မှာ ပြောထားပါတယ်။ ရုရှားနိုင်ငံသားတွေအတွက်ကိုတော့ COVID-19 ကာကွယ်ဆေးကို အခမဲ့ ထိုးနှံပေးသွားမယ်လို့လည်း သိရပါတယ်။

(Photo: Russian Health Ministry/Anadolu)

ရုရှားက ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကို တိုးမြှင့်ရန်ပြင်ဆင်နေစဥ် ကာကွယ်ဆေးဈေးနှုန်းကို ထုတ်ဖော်ကြေညာလိုက်တာ ဖြစ်ပါတယ်။ ကာကွယ်ဆေးအတွက် ငွေကြေးထောက်ပံ့ပေးတဲ့ RDIF (Russian Direct Investment Fund) ရဲ့ အကြီးအကဲ ကီရီလ်ဒီမီထရီရဲ့ အဆိုအရ ရုရှားနဲ့ ၎င်းရဲ့ နိုင်ငံခြားမိတ်ဖက််တွေက လာမယ်နှစ်မှစပြီး Sputnik V ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော်ကို ထုတ်လုပ်နိုင်ကြောင်းနဲ့ လူဦးရေ သန်း ၅၀၀ အတွက် လုံလောက်တဲ့ပမာဏဖြစ်ကြောင်း သိရပါတယ်။

ယနေ့ ကြေညာလိုက်တဲ့ ရုရှားထုတ် COVID-19 ကာကွယ်ဆေးရဲ့ ဈေးနှုန်းဟာ Pfizer-BioNTech နဲ့ Moderna ကဲ့သို့ အနောက်အုပ်စုရဲ့ ကာကွယ်ဆေးတွေထက် ဈေးသက်သာနေပါတယ်။ အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech ရဲ့ COVID-19 ကာကွယ်ဆေးတစ်လုံးလျှင် ၁၈ ဒေါ်လာဖြစ်ပြီး အမေရိကန်ကုမ္ပဏီ Moderna ရဲ့ ကာကွယ်ဆေးကိုတော့ အစိုးရတွေအတွက် ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာအတွင်း ဈေးနှုန်းသတ်မှတ်ထားပါတယ်။

(Photo: RDIF)

ဗြိတိန်နိုင်ငံမှ AstraZeneca-Oxford ကာကွယ်ဆေးကတော့ ဥရောပမှာ ဆေးတစ်လုံးလျှင် ၃ ဒေါ်လာမျှဖြင့်သာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ရုရှားကာကွယ်ဆေး Sputnik V ကို ကမ္ဘာတစ်ဝန်း လူများနိုင်သမျှများများ ထိုးနှံနိုင်ရန်အတွက် ဈေးနှုန်းသက်သာရန် ရည်ရွယ်ကြိုးပမ်းခဲ့ကြောင်း RDIF အကြီးအကဲ ကီရီလ်ဒီမီထရီက ပြောပါတယ်။ Sputnik V ဟာ Pfizer-BioNTech နဲ့ Moderna ကဲ့သို့ mRNA နည်းစနစ်သုံး ကာကွယ်ဆေးတွေထက် ဈေးသက်သာပြီး အလားတူ ထိရောက်မှုရှိကြောင်း RDIF က ဆိုပါတယ်။

Sputnik V ကာကွယ်ဆေးဟာ နောက်ဆုံးသိရှိရတဲ့ စမ်းသပ်မှုရလဒ်တွေအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ရုရှားအစိုးရက ကြေညာထားပါတယ်။ ရုရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂.၁၃ သန်းကျော်၊ သေဆုံးသူ ၃၇,၃၂၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁.၆၃ သန်းကျော်ရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က