မိမိတို့ သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူတွေကို စတင် ထိုးနှံစမ်းသပ်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေးကို လူတွေမှာ ပထမအဆင့် စမ်းသပ်ခဲ့ကြောင်း မှတ်တမ်းတွေက ဖော်ပြထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: AFP)

ကူးစက်မှုနဲ့ သေဆုံးမှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ COVID-19 ရောဂါတိုက်ဖျက်ရေး နည်းလမ်းရရှိရန် ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်တွေက အပြင်းအထန် ကြိုးပမ်းနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် မတ်လ ၁၆ ရက်နေ့မှာ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက COVID-19 ကာကွယ်ဆေးကို လူတွေမှာ စတင်စမ်းသပ်နေပြီလို့ အတည်ပြု ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးစမ်းသပ်မှု သတင်းထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။



အမေရိကန်က မိမိတို့ သဘောဆန္ဒအလျောက် ကာကွယ်ဆေးစမ်းသပ်ခံသူ ၄၅ ဦးကို ဆီယက်တဲလ်မြို့ရှိ Kaiser Permanente Washington Health Research Institute မှာ ကာကွယ်ဆေးထိုးနှံပေးတယ်လို့ ဆိုပါတယ်။ တရုတ်ကလည်း COVID-19 ကာကွယ်ဆေး လူတွေမှာ ထိုးနှံစမ်းသပ်မှုကို မတ်လ ၁၆ ရက်နေ့မှာပင် စတင်ခဲ့ပြီး ယခုနှစ်ကုန်အထိ ဆက်လက် စမ်းသပ်သွားမယ်လို့ မျှော်လင့်ရကြောင်း နိုင်ငံရဲ့ Clinical Trial Registry သို့ မတ်လ ၁၇ ရက် နေ့စွဲဖြင့် မှတ်ပုံတင်သွင်းမှုအရ သိရှိရပါတယ်။

(Photo: Xinhua)

"COVID-19 ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့်အနေနဲ့ မိမိတို့ သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူတွေကို စတင် ထိုးနှံစမ်းသပ်နေပြီ ဖြစ်ပါတယ်" လို့ အစိုးရအထောက်အပံ့ဖြင့် ဆောင်ရွက်နေတဲ့ ကာကွယ်ဆေးစီမံကိန်းမှာ ပါဝင်ခဲ့သူ အဖွဲ့ဝင်ဝန်ထမ်းတစ်ဦးက AFP ကို မတ်လ ၂၂ ရက်နေ့မှာ ပြောပါတယ်။

COVID-19 ကာကွယ်ဆေးစမ်းသပ်မှုမှာ အသက် ၁၈ နှစ်နဲ့ ၆၀ နစ်ကြားအရွယ်ရှိသူ ၁၀၈ ဦးကို အုပ်စုသုံးခုခွဲပြီး မတူညီတဲ့ ကာကွယ်ဆေးများ ထိုးနှံစမ်းသပ်သွားမယ်လို့ ဆိုပါတယ်။ ၎င်းတို့အားလုံးဟာ ယမန်နှစ် ဒီဇင်ဘာလကုန်က ဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ခံများ ဖြစ်ကြပါတယ်။

(Photo: Reuters)

လတ်တ‌လော ရက်များအတွင်း တရားဝင် စာရင်းတွေအရ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ လျော့ကျသွားခဲ့ပြီး မတ်လ ၂၂ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၈၁,၀၅၄ ဦးနဲ့ သေဆုံးသူ ၃,၂၆၁ ဦး ဖြစ်ပါတယ်။ တရုတ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၆၀,၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ COVID-19 အတွက် လက်ရှိအချိန်အထိ တရားဝင် အသိအမှတ်ပြု ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။

(Photo: The Star)

အမေရိကန်မှာ စတင်စမ်းသပ်ခဲ့တဲ့ ကာကွယ်ဆေးကို အသုံးပြုနိုင်ရန်လည်း နောက်ထပ်တစ်နှစ်မှ ၁၈ လအထိ အချိန်ကြာမြင့်နိုင်ပါသေးတယ်။ မတ်လ ၂၂ ရက် ညပိုင်းအထိ စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁၆,၅၃၉ ဦးနဲ့ သေဆုံးသူ ၁၄,၃၆၅ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာသွားသူ ၉၄,၇၀၄ ဦးရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က