လက်ရှိမှာ ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်နေပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ အထိ ပြင်းထန်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အားအလွန်ကောင်းတဲ့ စူါပါတိုင်ဖွန်းမုန်တိုင်း ဦးတည်လာမှုကြောင့် အာဏာပိုင်တွေက မုန်တိုင်းသတိပေးချက် အနီရောင်အဆင့် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

(ထိုင်ဝမ်မြို့တော် တိုင်ပေမြို့မှာ မိုးရွာသွန်းနေစဉ်) (Photo: EPA)

စူပါတိုင်ဖွန်းမုန်တိုင်း လီကီမာ (Typhoon Lekima) ဟာ လက်ရှိမှာ ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခတ်နေပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ အထိ ပြင်းထန်ပါတယ်။ အဆိုပါမုန်တိုင်းဟာ တရုတ်နိုင်ငံ Zhejiang ပြည်နယ် ကုန်းတွင်းပိုင်းကို စနေနေ့ (သြဂုတ် ၁၀ ရက်) မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။



အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကို မုန်တိုင်းဝင်ရောက်မယ့် ဒေသမှာ အသင့်ချထားကြောင်း တရုတ် အရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။ ရှန်ဟိုင်းဒေသ ကမ်းရိုးတန်းမှာ နေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေကိုလည်း ရွှေ့ပြောင်းရေးအတွက် ပြင်ဆင်ထားကြရန် အာဏာပိုင်တွေက သတိပေးထားပါတယ်။

(စူပါတိုင်ဖွန်း လီကီမာ လမ်းကြောင်းပြမြေပုံ) (Map: AccuWeather)

ယန်ဇီမြစ် (Yangtze River) နဲ့ မြစ်ဝါမြစ် (Yellow River) တို့မှာ လာမယ့် သီတင်းပတ် ဗုဒဟူးနေ့ (သြဂုတ် ၁၄ ရက်) အထိ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်ကြောင်းလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။ Jiangsu နဲ့ Shandong ပြည်နယ်တွေမှာလည်း မုန်တိုင်းအန္တရာယ် သတိပေးထားတယ်လို့ သိရပါတယ်။

ထို့အတူ ဘေဂျင်းမှာလည်း ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသသို့ အသွားအပြန် ရထားခရီးစဉ်တွေကို ဖျက်သိမ်းထားပါတယ်။ ထိုင်ဝမ်မှာ ယနေ့ ဖြတ်သန်းတိုက်ခတ်နေတဲ့ အားအလွန်ကောင်းတဲ့ စူပါတိုင်ဖွန်း လီကီမာဟာ အနောက်ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းနှစ်ခုအနက် တစ်ခုဖြစ်ပါတယ်။

(ကမ်းကပ်ထားသည့် ထိုင်ဝမ်ငါးဖမ်းစက်လှေများ) (Photo: AFP)

အနောက်ပစိဖိတ်သမုဒ္ဒရာမှာ လီကီမာအပြင် တိုင်ဖွန်းမုန်တိုင်း ခရိုစာ (Typhoon Krosa) လည်း ဖြစ်ပေါ်နေပါတယ်။ တိုင်ဖွန်းခရိုစာကြောင့် အမေရိကန်ပိုင် မြောက်ပိုင်းမာရီယာနာကျွန်းစုနဲ့ ဂူအမ်ကျွန်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။ အဆိုပါ တိုင်ဖွန်းမုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဦးတည်ရွေ့လျားနေပြီး လာမယ့် သီတင်းပတ်မှာ ဂျပန်နိုင်ငံကို ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

လက်ရှိ ထိုင်ဝမ်မှာ တိုက်ခတ်နေပြီး တရုတ်ကို ဆက်လက်ဝင်ရောက်မယ့် တိုင်ဖွန်းလီကီမာဟာ ယခုနှစ်အတွက် ကိုးခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး ဗုဒ္ဓဟူးနေ့ (သြဂုတ် ၇ ရက်) နှောင်းပိုင်းမှာ ပိုမိုအားကောင်းလာခဲ့ပြီး စူပါတိုင်ဖွန်းမုန်တိုင်းအဆင့် ဖြစ်လာခဲ့ပါတယ်။

(တိုင်ဖွန်းခရိုစာ ရွေ့လျားရာလမ်းကြောင်းပြ မြေပုံ) (Photo: AccuWeather)

တိုင်ဖွန်းလီကီမာက ထိုင်ဝမ်မြောက်ပိုင်းကို ယနေ့ (သြဂုတ် ၉ ရက်) ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းထားပြီး ဈေးများ၊ ကျောင်းများနဲ့ စီးပွားရေးလုပ်ငန်းများကို ပိတ်ထားကြရန် အာဏာပိုင်တွေက ယမန်နေ့ (သြဂုတ် ၈ ရက်) မှာ ညွှန်ကြားထားခဲ့ပါတယ်။

ထိုင်ဝမ်မှာ ယမန်နေ့ မနက်အစောပိုင်းကလည်း ရစ်ချ်တာစကေး ၅.၉ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူတစ်ဦး သေဆုံးပြီး အဆောက်အအုံ ၁၀,၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။ ငလျင်ကြောင့် လူဦးရေ ၂,၀၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းလည်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က