ရုရှားကာကွယ်ဆေးအပေါ် သိပ္ပံပညာရှင် အသိုင်းအဝိုင်းနဲ့ WHO တို့ထံမှ သတိထားရန် ပြောဆိုမှုတွေရှိခဲ့ပါတယ်။

အငြင်းပွားဖွယ်ဖြစ်နေပြီး သံသယတွေရှိနေတဲ့ ရုရှားထုတ် COVID-19 ကာကွယ်ဆေးကို လာမယ့် သီတင်းပတ်အတွင်း လူဦးရေ သောင်းဂဏန်းမှာ စမ်းသပ်မှုတွေ စတင်သွားမယ်လို့ ရုရှားအစိုးရက ဩဂုတ် ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: Sputnik)

သမ္မတဗလာဒီမာပူတင်က ရုရှားဟာ COVID-19 ကာကွယ်ဆေးတစ်မျိုးကို တရားဝင် ခွင့်ပြုလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း ယခုလအစောပိုင်းမှာ ကြေညာထားခဲ့ပါတယ်။ သို့သော် ရုရှားကာကွယ်ဆေးအပေါ် သိပ္ပံပညာရှင် အသိုင်းအဝိုင်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) တို့ထံမှ သတိထားရန် ပြောဆိုမှုတွေရှိလာခဲ့ပြီး ဘေးအန္တရာယ်ကင်းမှုကို သုံးသပ်ရန် လိုအပ်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။



ယခုအခါ ကာကွယ်ဆေးစီမံကိန်းကို ငွေကြေးထောက်ပံ့ထားတဲ့ Russian National Wealth Fund က ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်မှုအရ Sputnik V ကာကွယ်ဆေးရဲ့ ကိုယ်ခံအားဖြစ်ပေါ်မှုနဲ့ ဘေးအန္တရာယ်ကင်းမှုကို စမ်းသပ်သွားမှာဖြစ်ပြီး လူဦးရေ ၄၀,၀၀၀ ကျော် ပါဝင်မယ်လို့ သိရပါတယ်။

(Photo: Russian Health Ministry/Anadolu)

ယခု စမ်းသပ်မှုဟာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေကြတဲ့ အခြား ကာကွယ်ဆေးတွေရဲ့ တတိယအဆင့် စမ်းသပ်မှုနဲ့ တူညီကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ Sputnik V ကာကွယ်ဆေးကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအပါအဝင် COVID-19 ကူးစက်မှုအန္တရာယ်မြင့်မားတဲ့ အုပ်စုများအား ထိုးနှံပေးသွားမယ်လို့ Russian National Wealth Fund ရဲ့ ညွှန်ကြားရေးမှူး Kirill Dmitriev က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှုတွေကို လာမယ့် သီတင်းပတ်အတွင်း စတင်သွားမှာဖြစ်ပြီး မိမိသဘောဆန္ဒအလျောက် ပါဝင်စေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားထုတ် Sputnik V ကာကွယ်ဆေးအရေအတွက် တစ်ဘီလီယံကျော်ကို နိုင်ငံပေါင်း ၂၀ ထံမှ အမှာစာများ လက်ခံရရှိထားကြောင်းလည်း Kirill Dmitriev က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောထားပါတယ်။

(Photo: Reuters)

ကမ္ဘာ့ပထမဆုံး အတည်ပြုချက်ရ COVID-19 ကာကွယ်ဆေးအဖြစ် သမ္မတပူတင်က ကြေညာထားတဲ့ Sputnik V ကို ပထမအသုတ် ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၁၅ ရက်မှာ ရုရှားကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ Sputnik V ကို မော်စကိုမြို့တော်ရှိ Gamaleya National Research Center သုတေသနဌာနနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာတို့က ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပါက COVID-19 ကို အနည်းဆုံး ၂ နှစ်ကြာ ကာကွယ်နိုင်တယ်လို့ Gamaleya သုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး Alexander Gintsburg က ဩဂုတ် ၁၃ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြပါတယ်။ ရုရှားနိုင်ငံမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၉၄၆,၀၀၀ ကျော်၊ သေဆုံးသူ ၁၆,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၇၆၁,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က