ဒေသခံတွေ လမ်းမများပေါ် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်င်း အစွန်းအဖျားဒေသရှိ မာလူကူကျွန်းစုမှာ ရစ်ချ်တာစကေး ၇.၃ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ ဒေသခံတွေ လမ်းမများပေါ် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။



(Photo: National Disaster Management Agency BNPB)

ငလျင်လှုပ်ပြီးနောက် ဆူနာမီရေလှိုင်း သတိပေးချက်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ ငလျင်ဟာ မြောက်ပိုင်းမာလူကူပြည်နယ် Ternate မြို့ရဲ့ တောင်-အနောက်တောင်ဘက် ၁၀၂ မိုင်ကျော်အကွာ မြေအောက်အနက် ၆.၂ မိုင်မှာ ယနေ့ (ဇူလိုင် ၁၄ ရက်) ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်အချိန်က လှုပ်ခတ်ခဲ့ကြောင်း United States Geological Survey (USGS) ဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

"ငလျင်က တော်တော်ပြင်းတယ်၊ ဒေသခံတွေ အိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့ကြတယ်၊ သူတို့ ကြောက်လန့်ပြီး အများအပြားက အခု လမ်းဘေးမှာထိုင်စောင့်နေကြတယ်" လို့ ဒေသခံ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ Mansur က AFP သတင်းဌာနကို ပြောပါတယ်။ ငလျင်လှုပ်မှုကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ လူဦးရေ ထောင်နဲ့ချီ ရွှေ့ပြောင်းခဲ့ရတယ်လို့ နောက်ဆက်တွဲသတင်းအရ သိရပါတယ်။(Photo: STR/AFP)

တာဝန်ရှိသူတွေက ငလျင်လှုပ်ပြီးနောက် အခြေအနေကို အခြေအနေကို စစ်ဆေးနေကြကြောင်းနဲ့ လတ်တလောမှာ သေဆုံးဒဏ်ရာရတဲ့ သတင်းတွေ မကြားသိရသေးကြောင်းလည်း Mansur က ဆိုပါတယ်။ ဒေသခံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Ihsan Subur ကလည်း အပျက်အစီး သို့မဟုတ် သေဆုံးဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရကြောင်း၊ သို့သော် ဒေသခံတွေက လမ်းမတွေပေါ် ထွက်နေကြကြောင်းနဲ့ အများအပြားက ပိုမြင့်တဲ့နေရာသို့ ရွှေ့ပြောင်းခဲ့ကြကြောင်း Metro TV ကို ပြောခဲ့ပါတယ်။

ငလျင်လှုပ်ခဲ့စဉ် လျပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပေမဲ့ ယခုလက်ရှိမှာ ဓာတ်အားပြန်ရနေပြီလို့လည်း Ihsan Subur က ဖြည့်စွက်ပြောပါတယ်။ ရစ်ချ်တာစကေး ၇.၃ အဆင့်ရှိ ငလျင်ကြီးလှုပ်ပြီးနောက် နောက်ဆက်တွဲငလျင် ခုနစ်ခုထက်မနည်း ထပ်မံ လှုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: STR/AFP)

ယနေ့ ငလျင်ကြီးလှုပ်ခဲ့ရာ ဒေသမှာ ပြီးခဲ့တဲ့အပတ် ဇူလိုင် ၇ ရက်နေ့ကလည်း ရစ်ချ်တာစကေး ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခဲ့သေးပြီး ကြီးမားတဲ့ ပျက်စီးမှုတွေတောာ့ မဖြစ်ပေါ်ခဲ့ပါဘူး။ ဇူလိုင် ၇ ရက်နေ့က ငလျင်လှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

ယမန်နှစ်အတွင်း ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ ရစ်ချ်စတာစကေး ၇.၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း လူ ၂,၂၀၀ ကျော် သေဆုံးခဲ့ကာ အခြား လူဦးရေထောင်နဲ့ချီ ပျောက်ဆုံးကြောင်း ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ကြုံရလေ့ရှိတဲ့ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများ ဆုံတွေ့ကြရာ ပစိဖိတ်မီးကွင်း (Pacific "Ring of Fire") ဒေသမှာ တည်ရှိနေပါတယ်။

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ရာ အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာ လူပေါင်း ၁၇၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က