စမ်းသပ်မှု အစောပိုင်းရလဒ်တွေအရ ဘေးအန္တရာယ်ကင်းပြီး ကိုယ်ခံစွမ်းအားတုံပြန်မှု ဖြစ်ပေါ်စေခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ကျန်းမာတဲ့ လူတွေမှာစမ်းသပ်မှု အစောပိုင်းအဆင့် ရလဒ်တွေအရ ဘေးအန္တရာယ်ကင်းပြီး ကိုယ်ခံစွမ်းအားတုံပြန်မှု ဖြစ်ပေါ်စေခဲ့ကြောင်း ဇူလိုင် ၂၀ ရက်‌နေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

(Photo: Oxford University)

AZD1222 (ယခင်က ChAdOx1 nCoV-19 အမည်ဖြင့် သိထားခဲ့ကြ) ကာကွယ်ဆေးကို ပါဝင်စမ်းသပ်ခံသူ ၁,၀၇၇ ဦးမှာ စမ်းသပ်ခဲ့ရာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများ မရှိခဲ့ဘဲ ပဋိပစ္စည်းနဲ့ T-cell ကိုယ်ခံစွမ်းအားတုံပြန်မှု ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှု အစောပိုင်းအဆင့် ရလဒ်တွေကို The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



"ဒီတွေ့ရှိချက်အရ ကိုယ်ခံစွမ်းအားစနစ်က ဗိုင်းရပ်စ်ကို မှတ်သားထားတာကြောင့် ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးဟာ လူတွေကို ကာလရှည်ကြာ ကာကွယ်ထားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ကာကွယ်ဆေးက SAR-CoV-2 ဗိုင်းရပ်စ် (COVID-19 ကူးစက်ဖြစ်ပွားမှု) ကို ထိထိရောက်ရောက် ကာကွယ်တယ်ဆိုတာ အတည်မပြုနိုင်ခင် ကျွန်တော်တို့ နောက်ထပ် သုတေသနတွေ လိုအပ်ပါတယ်" လို့ စမ်းသပ်မှုရလဒ်ကို ဦးဆောင်ရေးသားသူ အောက်စ်ဖို့တက္ကသိုလ်မှ အန်ဒရူးပိုလတ်ဒ်က ပြောပါတယ်။

(Photo: Oxford University)

အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တို့ရဲ့ AZD1222 ဟာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးတွေအနက် အလားအလာကောင်းတဲ့ ကာကွယ်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အတည်ပြုပြီးပါက တင်ပို့ရောင်းချနိုင်ရန် AstraZeneca ဆေးဝါးကုမ္ပဏီက အစိုးရတွေနဲ့ သဘောတူညီမှုများ လက်မှတ်ရေးထိုးထားပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးကနေ အမြတ်အစွန်းယူမှာ မဟုတ်ကြောင်းလည်း AstraZeneca ပြောထားပါတယ်။ သုတေသီတွေရဲ့ အဆိုအရ AZD1222 ကာကွယ်ဆေးစမ်းသပ်မှုမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ်ဖြစ်စေခဲ့ပေမဲ့ ပါရာစီတမော (paracetamol) သောက်ခြင်းဖြင့် လျှော့ချနိုင်ကြောင်းနဲ့ ကာကွယ်ဆေးကနေ ပြင်းထန်တဲ့ ဆိုးကျိုးများ မရှိကြောင်း သိရပါတယ်။

(Photo: NEXU Science Communication)

ဇူလိုင် ၂၀ ရက်နေ့မှာပင် တရုတ်စစ်တပ်သုတေသနဌာနဲ့ CanSinoBiologics တို့ ပူးပေါင်းထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေး၊ ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer တို့ရဲ့ COVID-19 ကာကွယ်ဆေးတို့ရဲ့ စမ်းသပ်မှု အစောပိုင်းရလဒ်တွေကိုလည်း ထုတ်ပြန်ခဲ့ရာ အောက်စ်ဖို့တက္ကသိုလ်ထုတ် AZD1222 ကဲ့သို့ပင် အလားအလာကောင်း တွေ့ရှိခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်း ထုတ်လုပ်နေတဲ့ အခြား ကာကွယ်ဆေးအချို့ဟာလည်း စမ်းသပ်မှု အလယ်အဆင့်နဲ့ နောက်ပိုင်းအဆင့်တွေမှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ၎င်းတို့အနက် အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးက လူတွေနဲ့စမ်းသပ်မှုအတွင်း ပါဝင်ခဲ့သူ ၄၅ ဦးလုံးထံမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းများ ထွက်ရှိလာစေခဲ့ကြောင်း ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ စာတမ်းတစ်ခုက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က