မောင်းသူမဲ့လေယာဉ် ပစ်ချခံရပြီးနောက် ညွန်ကြားချက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (US Federal Aviation Administration - FAA) က တင်းမာမှုများ မြင့်တက်နေမှုကြောင့် အီရန်နိုင်ငံလေပိုင်နက် ဟော်မုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့ ကောင်းကင်ယံကနေ အမေရိကန်လေကြောင်းလိုင်း လေယာဉ်များ ပျံသန်းခြင်းမပြုရန် အရေးပေါ် ညွန်ကြားချက်တစ်ရပ် ထုတ်ပြန်ထားပါတယ်။

(Photo: Reuters)

United Airlines က နယူးဂျာစီပြည်နယ် Newark လေဆိပ်မှ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့သို့ အီရန်လေပိုင်နက်ကိုဖြတ်ပြီး ပျံသန်းရတဲ့ လေကြောင်းခရီးစဉ်ကို ဆိုင်းငံ့လိုက်ပြီးနောက် နာရီပိုင်းအကြာမှာ FAA က ယခု ညွန်ကြားချက်ကို အမေရိကန် ဒေသစံတော်ချိန် ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။



အီရန်က အမေရိကန်စစ်တပ်ရဲ့ မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့ပြီးနောက် လုံခြုံရေးသုံးသပ်မှု ပြုလုပ်ခဲ့ကာ FAA က အရေးပေါ် ညွန်ကြားလိုက်ပါတယ်။ လေယာဉ်ပျံသန်းမှု စောင့်ကြည့်စနစ်တစ်ခုကို ကိုးကားပြီး FAA ရဲ့ ပြောကြားမှုအရ အမေရိကန်ရဲ့ Global Hawk စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ် ပစ်ချခံရစဉ် ထိုလေယာဉ်နဲ့ အနီးဆုံး ရေမိုင် ၄၅ မိုင်ပတ်လည်မှာ ခရီးသည်တင်လေယာဉ် ပျံသန်းမှုရှိခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အီရန် Revolutionary Guard တပ်ဖွဲ့က အမေရိကန်စစ်တပ်ရဲ့ Global Hawk စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်ကို Hormozgan ပြည်နယ် ပင်လယ်ရေပြင်အထက်မှာ ပစ်ချလိုက်ကြောင်း ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) မှာ ထုတ်ပြန်ထားပါတယ်။ တင်းမာမှုမြင့်တက်နေတဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း FAA က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း မောင်းသူမဲ့လေယာဉ် ပစ်ချခံရမှုအတွက် အီရန်ကို တုံ့ပြန်တိုက်ခိုက်ရန် ခွင့်ပြုမိန့်ပေးခဲ့ပြီးမှ ပြန်ရုပ်သိမ်းခဲ့ကြောင်း The New York Times သတင်းက ဖော်ပြထားပါတယ်။ ထိုအတောအတွင်း နယ်သာလန်လေကြောင်းလိုင်း KLM နဲ့ စင်ကာပူလေကြောင်းလိုင်း (Singapore Airlines - SIA) တို့ကလည်း အီရန်လေပိုင်နက် နေရာအချို့ကိုဖြတ်ပြီး လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ပါတယ်။

(Global Hawk စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်) (Photo: US Air Force/AFP)

စစ်ရေးတင်းမာမှု မြင့်တက်နေစဉ်အတွင်း ခရီးသည်တင်လေယာဉ် ပစ်ချခံရမှုအဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း မလေးရှားလေကြောင်းလိုင်းရဲ့ MH17 ခရီးသည်တင်လေယာဉ်ဟာ ယူကရိန်းနိုင်ငံ ကောင်းကင်ယံမှာ ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရပြီး လိုက်ပါလာသူ ၂၉၈ ဦးလုံး သေဆုံးခဲ့ဖူးကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က