အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေနိုင်ပါတယ်။

အီရန်နိုင်ငံက အမေရိကန်စစ်တပ်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်တစ်စီးကို ပစ်ချခဲ့မှုဟာ အမှားကြီးတစ်ခု လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နေ့ (ဇွန် ၂၀ ရက်) မှာ ပြောကြားလိုက်ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP)

ထိုဖြစ်ရပ်ကြောင့် ယခင်ကတည်းက ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေခဲ့တဲ့ နှစ်နိုင်ငံကြား ရေနံတင်သင်္ဘောများ ခုတ်မောင်းသွားလာမှုအများဆုံး နိုင်ငံတကာ ပင်လယ်ရေလမ်းကြောင်းမှာ ထိပ်တိုက်တွေ့ရန် အနီးစပ်ဆုံး အခြေအနေ ဖြစ်လာခဲ့ပါတယ်။ "သူတို့ အလွန်ကြီးတဲ့ အမှားကို လုပ်ခဲ့တာပဲ" လို့ သမ္မတထရန့်က ဆိုပါတယ်။



သို့သော် ယခုဖြစ်ရပ်ဟာ လူသားတစ်ဦးရဲ့အမှားကြောင့် ဖြစ်နိုင်ကြောင်းလည်း ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ "ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာ ယုံဖို့ခက်ပါတယ်၊ ဗိုလ်ချုပ်ကြီးတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ယောက်က အမှားလုပ်ခဲ့တာလို့ ထင်ပါတယ်၊ စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ တစ်စုံတစ်ယောက် ဖြစ်နိုင်တယ်" လို့ အမေရိကန်သမ္မတက ဆိုပါတယ်။

(Global Hawk စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်) (Photo: US Air Force/AFP)

အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စီးက ၎င်းတို့ လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်လာမှုကြောင့် ပစ်ချခဲ့ကြောင်း ယမနနေ့မှာ ပြောထားပါတယ်။ အမေရိကန်စစ်တပ်ကတော့ အီရန်လေပိုင်နက်ထဲကို မရောက်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ ဇွန်လ ၂၀ ရက်နေ့က အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့မှုဟာ အီရန်အနေနဲ့ မိမိတို့ရဲ့ နယ်နမိတ်တွေကို ကာကွယ်သွားမယ်လို့ ရှင်းလင်းတဲ့ သတင်းစကားပါးလိုက်ခြင်းဖြစ်ကြောင်း အီရန် Revolutionary Guard တပ်ဖွဲ့အကြီးအကဲ Hossein Salami က ပြောပါတယ်။

(Revolutionary Guard တပ်ဖွဲ့အကြီးအကဲ Hossein Salami) (Photo: AP)

"ကျွန်တော်တို့ စစ်ပွဲဖြစ်ဖို့လုပ်နေတာ မဟုတ်ကြောင်း ကြေညာပါတယ်၊ ဒါပေမဲ့ ဘယ်စစ်ပွဲကိုမဆို တုံ့ပြန်ဖို့အတွက် ကျွန်တော်တို့ အသင့်ပါပဲ" လို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။ အီရန်ရဲ့ Reolutionary Guard တပ်ဖွဲ့က လေပိုင်နက်ကျူးကျော်လာတဲ့ အမေရိကန်ထုတ် Global Hawk စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်ကို Hormozgan ပြည်နယ် ပင်လယ်ရေပြင်အထက်မှာ ပစ်ချလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာချုပ်ကတော့ နိုင်ငံတကာလေပိုင်နက်အတွင်းမှာ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ကြောင်းဖြင့် ရှုတ်ချလိုက်ပါတယ်။ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရစဉ် အဆိုပါ မောင်းသူမဲ့ လေယာဉ်ဟာ အီရန်ပိုင်နက်မှ ၂၁ မိုင်အကွာမှာ ရှိနေခဲ့ကြောင်းလည်း ပင်တဂွန်က ပြောပါတယ်။

(Infographic: AFP/Simon MALFATTO/Paz PIZARRO)

မကြာသေးမီကလည်း ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး အမေရိကန်က အီရန်တပ်ဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောခဲ့ပေမဲ့ အီရန်က ငြင်းဆိုထားခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအရ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေမယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။ အမေရိကန်က ပင်လယ်ကွေ့သို့ USS Abraham Lincoln လေယာဉ်တင်စစ်သေင်္ဘာ၊ ကုန်းရေနှစ်သွယ် တိုက်ခိုက်နိုင်တဲ့ USS Arlington စစ်သင်္ဘော၊ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ ဗုံးကြဲတပ်ဖွဲ့နဲ့ စစ်သားထောင်နဲ့ချီပြီး စေလွှတ်ချထားကြောင်းလည်း သိရပါတယ်။

Source: AFP, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က