ပစ်မှတ်တွေ ရွေးချယ်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံကို လက်တုံ့ပြန်တိုက်ခိုက်ရန် ခွင့်ပြုခဲ့ပြီးနောက်မှ ခွင့်ပြုမိန့်ကိုပြန်ရုပ်သိမ်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာက သတင်းဖော်ပြပါတယ်။

(အရှေ့အလယ်ပိုင်းသို့ စေလွှတ်ထားသည့် အမေရိကန် လေယာဉ်တင်စစ်သင်္ဘော) (Photo: AP)

The New York Times (NYT) သတင်းစာက အမေရိကန်သမ္မတအိမ်ဖြူတော် တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဖော်ပြခဲ့မှုအရ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ရဲ့ ပြောကြားမှုအရ တိုက်ခိုက်မှုတွေကို ကနဦးအဆင့် စီစဉ်ထားပြီးချိန်မှာ သမ္မတထရန့်က ခွင့်ပြုမိန့်ကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။



အမေရိကန်စစ်တပ်က အီရန်ပစ်မှတ်သုံးခုကို တိုက်ခိုက်ရန် ၁၀ မိနစ်မျှအလိုမှာ ၎င်းရဲ့ ခွင့်ပြုမိန့်ကို ပြန်ရုပ်သိမ်းလိုက်ကြောင်း၊ တိုက်ခိုက်မှုအတွင်း လူ ၁၅၀ သေနိုင်ပြီး ဒေါ်လာ သန်း ၁၈၀ တန် မောင်းသူမဲ့လေယာဉ် ဆုံးရှုံးရမှုအတွက် ထိုသို့ တုံ့ပြန်ရန်မသင့်တာကြောင့် ခွင့်ပြုမိန့်ကို ပြန်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း နောက်ပိုင်းမှာ သမ္မတထရန့်က ထုတ်ဖော်ပြောခဲ့ပါတယ်။

(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP)

ကြာသပတေးနေ့ (ဇွန် ၂၀ ရက်) မှာ အီရန်က အမေရိကန်စစ်တပ်ရဲ့ စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်တစ်စီးကို ပစ်ချခဲ့ခြင်းကို လက်တုံ့ပြန်မှုအဖြစ် တိုက်ခိုက်ရန်စီစဉ်ခဲ့ခြင်း ဖြစ်တယ်လို့ NYT က ပြောပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေစဉ်မှာ အီရန်က အမေရိကန်ရဲ့ Global Hawk စောင့်ကြည့်ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်ကို ပစ်ချခဲ့တာလည်း ဖြစ်ပါတယ်။

အီရန်ရဲ့အဆိုအရ အမေရိကန် မောင်းသူမဲ့ လေယာဉ်ဟာ ၎င်းတို့လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့တာကြောင့် ပစ်ချခဲ့တယ်လို့ သိရပြီး အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကတော့ ပစ်ချခံရတဲ့ မောင်းသူမဲ့လေယာဉ်ဟာ နိုင်ငံတကာလေပိုင်နက်အတွင်းမှာသာ ရှိနေခဲ့ကြောင်းဖြင့် ငြင်းဆိုထားပါတယ်။

(အမေရိကန်ရဲ့ Global Hawk မောင်းသူမဲ့လေယာဉ်) (Photo: EPA)

ထပ်မံသိရတဲ့ သတင်းအရ ပစ်ချလိုက်တဲ့ အမေရိကန် မောင်းသူမဲ့ လေယာဉ်အပျက်အစီးတွေကို ၎င်းတို့ ရေပြင်ပိုင်နက်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်းနဲ့ မငြင်းနိုင်တဲ့ သက်သေအထောက်အထားရှိကြောင်း အီရန်က ပြောခဲ့ပါတယ်။ NYT သတင်းစာမှာ ဖော်ပြမှုအရ အီရန်ကို တိုက်ခိုက်ရန် ဝါရှင်တန်မှာ ဇွန်လ ၂၀ ရက် ညပိုင်းက စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုနေ့ည ဒေသစံတော်ချိန် ၇ နာရီအထိ အမေရိကန်စစ်တပ်နဲ့ သံတမန်ရေးဆိုင်ရာ တာဝန်ရှိသူတွေက အီရန်ရဲ့ ရေဒါစခန်းနဲ့ ဒုံးကျည်ပစ်လွှတ်စင်တွေ အပါအဝင် သဘောတူညီထားတဲ့ ပစ်မှတ်နေရာတွေကို တိုက်ခိုက်မယ်လို့ မျှော်လင့်ခဲ့ကြကြောင်းလည်း သိရပါတယ်။

"လေယာဉ်တွေ ပျံတက်သွားပြီး စစ်သင်္ဘောတွေလည်း နေရာယူထားပြီးပါပြီ၊ ဒါပေမဲ့ သမ္မတဆီက တိုက်ခိုက်ဖို့ခွင့်ပြုမိန့် ရုပ်သိမ်းလိုက်လို့ ဒုံးကျည်ပစ်လွှတ်တာ မရှိခဲ့ပါဘူး" လို့ အမည်မဖော်သူ အမေရိကန်အစိုးရ အကြီးတန်အရာရှိတစ်ဦးကို ကိုးကားပြီး New York Times သတင်းစာက ဖော်ပြပါတယ်။

(အမေရိကန်နဲ့အီရန် အငြင်းပွားနေသည့် မောင်းသူမဲ့လေယာဉ် ပစ်ချခံရသည့်နေရာ) (MAP: NYT)

အီရန်ပစ်မှတ်တွေကို ယနေ့ (ဇွန် ၂၁ ရက်) အာရုဏ်တက်ချိန်မတိုင်မီ အကန့်အသတ်ဖြင့် တိုက်ခိုက်ရန်စီစဉ်ထားခဲ့ကြောင်းလည်း သတင်းစာက ပြောပါတယ်။ လက်ရှိမှာတော့ အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ် အသက်ဝင်နေဆဲဟုတ် မဟုတ် အတိအကျ မသိရဘူးလို့ဆိုပါတယ်။ မောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး အီရန်နိုင်ငံက အမှားကြီးတစ်ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သမ္မတထရန့်က ပြောထားပါတယ်။

သို့သော် ယခုဖြစ်ရပ်ဟာ လူသားတစ်ဦးရဲ့အမှားကြောင့် ဖြစ်နိုင်ကြောင်းလည်း ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ "ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုတာ ယုံဖို့ခက်ပါတယ်၊ ဗိုလ်ချုပ်ကြီးတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ယောက်က အမှားလုပ်ခဲ့တာလို့ ထင်ပါတယ်၊ စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ တစ်စုံတစ်ယောက် ဖြစ်နိုင်တယ်" လို့ အမေရိကန်သမ္မတကပြောကြောင်း BBC သတင်းမှ ဖော်ပြပါတယ်။

(Infographic: AFP/Simon MALFATTO/Paz PIZARRO)

မကြာသေးမီကလည်း ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီး အမေရိကန်က အီရန်တပ်ဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း ပြောခဲ့ပေမဲ့ အီရန်က ငြင်းဆိုထားခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအရ အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေမယ်လို့ သတင်းတွေက သုံးသပ်ထားပါတယ်။

အမေရိကန်က ပင်လယ်ကွေ့သို့ USS Abraham Lincoln လေယာဉ်တင်စစ်သေင်္ဘာ၊ ကုန်းရေနှစ်သွယ် တိုက်ခိုက်နိုင်တဲ့ USS Arlington စစ်သင်္ဘော၊ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်၊ B-52 ဗုံးကြဲလေယာဉ်တွေ ပါဝင်တဲ့ ဗုံးကြဲတပ်ဖွဲ့နဲ့ စစ်သားထောင်နဲ့ချီပြီး စေလွှတ်ချထားကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က