ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပို့ဆောင်ထားပါတယ်။

အီရန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာနေတဲ့ အမေရိကန်က အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့သို့ ကုန်း၊ ရေနှစ်သွယ် စစ်ဆင်တိုက်ခိုက်နိုင်တဲ့ စစ်သင်္ဘောကို စေလွှတ်လိုက်ပြီး ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကိုလည်း ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

(Photo: Jeremiah Barelt)

ယခု စစ်သင်္ဘောနဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တို့က ယခင် စေလွှတ်ချထားပြီးဖြစ်တဲ့ USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘော တိုက်ခိုက်ရေးအုပ်စု၊ B-52 ဗုံးကြဲလေယာဉ်တွေပါဝင်တဲ့ ဗုံးကြဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းသွားမှာလည်း ဖြစ်ပါတယ်။



အမေရိကန်က ယနေ့ (မေ ၁၁ ရက်) နောက်ထပ် စေလွှတ်လိုက်တဲ့ USS Arlington စစ်သင်္ဘောပေါ်မှာ မရိန်းတပ်ဖွဲ့ဝင်များ၊ ကုန်း၊ ရေနှစ်သွယ် စစ်ဆင်ရေးလုပ်ဆောင်နိုင်တဲ့ယာဉ်များ၊ လေယာဉ်နဲ့ ပက်ထရီရော့ ဒုံးကျည်ကာကွယ်ရေးစနစ်တို့ ပါရှိပါတယ်။

B-52 ဗုံးကြဲလေယာဉ်တွေဟာ စစ်ဆင်ရေးနယ်မြေကို မေ ၈ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြောင်း အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်တပ်ဖွဲ့များက သောကြာနေ့ (မေ ၁၀ ရက်) ပြောခဲ့ပေမဲ့ မည်သည့်နေရာမှာ ဆင်းသက်ချထားကြောင်းကိုတော့ ထုတ်ဖော်ပြောခြင်းမရှိပါဘူး။ 

(Photo: Getty Images)

အီရန်ရဲ့ မည်သည့်တိုက်ခိုက်မှုကိုမဆို မငဲ့ညှာစတမ်း တန်ပြန်တိုက်ခိုက်သွားမယ်လို့ အမေရိကန် နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျွန်ဘော်လ်တန်က မေ ၅ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ "အမေရိကန်က USS Abraham Lincoln စစ်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနဲ့ ဗုံးကြဲတပ်ဖွဲ့တစ်ဖွဲ့ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ချထားပါတယ်၊ ဒီလိုလုပ်ဆောင်ရတာက အမေရိကန်နဲ့ ၎င်းရဲမဟာမိတ်တွေကို မည်သည့်တိုက်ခိုက်မှုမဆို လုပ်ဆောင်လာပါက အပြင်းအထန် တန်ပြန်တိုက်ခိုက်မှုနဲ့ကြုံရမယ်ဆိုတာ အီရန်အစိုးရကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးလိုက်တာပါပဲ" လို့ ဂျွန်ဘော်လ်တန်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Getty Images)

အမေရိကန် လေယာဉ်တင်စစ်သင်္ဘောကို အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့မှာ ဖြန့်ကျက်ထားမှုဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကလည်း ထိုသို့စေလွှတ်ချထားမှုတွေ ရှိခဲ့ဖူးပါတယ်။ သို့သော် ယခုတစ်ကြိမ်မှာမူ အမေရိကန်နဲ့ အီရန်တို့ကြား ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်း စစ်သင်္ဘောစေလွှတ်မှု ဖြစ်လာခဲ့ပါတယ်။

ယမန်နှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၁၅ ခုနှစ်မှာ အီရန်၊ အမေရိကန်နဲ့ အခြားနိုင်ငံများ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ တစ်ဖက်သတ်နုတ်ထွက်ခဲ့ပါတယ်။

(Photo: CNBC)

အဆိုပါ သဘောတူစာချုပ်အရ အီရန်နိုင်ငံက ၎င်းရဲ့ နျူကလီးယားအစီအစဉ်တွေကို ကန့်သတ်ရန်နဲ့ နိုင်ငံတကာစစ်ဆေးရေးအဖွဲ့ကို လာရောက်စစ်ဆေးခွင့်ပြုရန် သဘောတူညီခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးရန်ဖြစ်ပါတယ်။ ထိုသဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် အီရန်နဲ့ ဆက်ဆံရေးတင်းမာမှု မြင့်တက်နေခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က