Ko John

ပြင်သစ်လူမျိုး စွန့်ဦးတီထွင်သူ ဖရန်ကီဇာပါတာ (Franky Zapata) က ၎င်းတီထွင်ထားတဲ့ Flyboard ကို စီးနင်းပျံသန်းပြီး အင်္ဂလိပ်ရေလက်ကြား ဖြတ်သန်းမှုကို ယနေ့ (သြဂုတ် ၄ ရက်) အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

(ဇာပါတာနှင့် ၎င်းရဲ့ဇနီး ခရစ္စတယ်) (Photo: Sebastien Courdji/EPA)

ဇာပါတာက ပြင်သစ်နိုင်ငံ Calais မြို့အနီး Sangatte ဒေသကမ်းခြေကနေ ယနေ့ ဒေသစံတော်ချိန် မနက် ၆ နာရီ ၁၇ မိနစ်မှာ စတင်ပျံသန်းခဲ့ပြီး အင်္ဂလန်နိုင်ငံ ဒိုဗာမြို့ရှိ စိန့်မာဂရတ်ပင်လယ်အော်သို့ အောင်မြင်စွာ ရောက်ရှိဆင်းသက်နိုင်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ ဇာပါတာက အမြန်နှုန်း တစ်နာရီလျှင် ၁၁၈ မိုင်ဖြင့် ပျံသန်းနိုင်တဲ့ Flyboard ဖြင့် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းမှုဟာ ၂၃ မိနစ်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

(Sangatte မှ စတင်ပျံသန်းခဲ့စဉ်) (Photo: Reuters)

Jet-Ski ချန်ပီယံဟောင်းဖြစ်တဲ့ အသက် ၄၀ အရွယ် ဇာပါတာဟာ ဇူလိုင် ၂၅ ရက်နေ့က အင်္ဂလိပ်ရေလက်ကြားကို Flyboard ဖြင့် ဖြတ်သန်းခဲ့သေးမယ့် မအောင်မြင်ခဲ့ဘဲ လမ်းခုလတ်မှာ လောင်စာဆီဖြည့်ရန် သင်္ဘောတစ်စီးပေါ်သို့အဆင်း ရေထဲသို့ကျသွားခဲ့ပါတယ်။

ယခု နောက်တစ်ကြိမ် Flyboard ဖြင့် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်သန်းရာမှာတော့ လမ်းခုလတ်မှာ ယခင်တစ်ကြိမ်ကထက် ပိုမိုကြီးမားတဲ့ သင်္ဘောတစ်စီးပေါ်ကို ဆင်းသက်ပြီး လောင်စာဆီဖြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ဇာပါတာရဲ့ အင်္ဂလိပ်ရေလက်ကြား ဖြတ်သန်းမှုခရီးဟာ ၂၂ မိုင် အကွာအဝေးရှိခဲ့ပါတယ်။

(ရဟတ်ယာဉ်နှစ်စီး လိုက်ပါလျက် ပျံသန်းနေသည့် ဇာပါတာ) (Photo: AFP/Getty Images)

စွန့်ဦးတီထွင်သူ ဇာပါတာဟာ ဇူလိုင် ၁၄ ရက်နေ့က ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့ စစ်ရေးပြချီတက်ပွဲ အခမ်းအနားမှာ ၎င်းရဲ့ Flyboard ကို စီးနင်းပျံသန်းပြီး အနာဂတ်စိတ်ကူး မိုးပျံစစ်သား စွမ်းရည်ကိုပြသခဲ့ရာမှ လူအများ အာရုံစိုက်ခံခဲ့ရပါတယ်။

၎င်းက Flyboard ကို ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ ဂျာမန်အဓိပတိ အန်ဂျလာမာကယ် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အပေါ် ကောင်းကင်မှာ စီးနင်းပျံသန်းပြခဲပါတယ်။ ဇာပါတာ တီထွင်ထားတဲ့ Flyboard ဟာ တစ်နာရီလျှင် ၁၁၈ မိုင် အမြန်နှုန်းဖြင့် စီးနင်းပျံသန်းနိုင်ပြီး ၎င်းက အနာဂတ်ကာလမှာ ပြင်သစ်စစ်တပ်ကို ရောင်းချရန်မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

(ဇာပါတာရဲ့ အင်္ဂလိပ်ရေလက်ကြား ဖြတ်သန်းမှုခရီးစဉ်ပြ မြေပုံ) (Map: Daily Mail)

ကားဂိုဒေါင်မှာ တီထွင်ပြုလုပ်ခဲ့ပြီး လေထဲမှာ ၁၀ မိနစ်ကြာ ပျံဝဲနေနိုင်တဲ့ Flyboard ဟာ Back to the Future ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသား မိုက်ကယ်ဂျေဖောက်စ်က သရုပ်ဆောင်ခဲ့တဲ့ Marty McFly ဇာတ်ကောင် အသုံးပြုခဲ့တဲ့ hoverboard နဲ့ အလွန်ဆင်တူကြောင်း ဇာပါတာက ပြောထားခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က