နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။

အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ မိမိတို့ပိုင်နက်အတွင်း စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုအပေါ် တုံ့ပြန်သွားမှာဖြစ်ပြီး အချိန်နဲ့နေရာကို ရွေးချယ်နေတယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

(အိန္ဒိယက လေကြောင်းမှတိုက်ခိုက်ခဲ့သည့် နေရာတစ်ခု) (Photo: @OfficialDGISPR/Twitter)

နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း အိန္ဒိယကပြောထားခဲ့ပြီး ပါကစ္စတန်ကတော့ ယခုတိုက်ခိုက်မှုဟာ အဆင်အခြင်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။



ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် JeM စစ်သွေးကြွအုပ်စုက ပြောခဲ့ပါတယ်။ ပါကစ္စတန်ဟာ စစ်သွေးကြွအုပ်စုတွေကို ၎င်းရဲ့ပိုင်နက်အတွင်း ခိုလှုံလှုပ်ရှားခွင့်ပေးထားကြောင်း အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ကတော့ ငြင်းဆိုထားခဲ့ပါတယ်။

(အိန္ဒိယ လေကြောင်းတိုက်ခိုက်မှုကို ထောက်ခံနေကြစဉ်) (Photo: EPA)

အိန္ဒိယနဲ့ပါကစ္စတန်တို့က မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ ကက်ရှ်မီးယားဒေသဟာ ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း အသီးသီး ပြောဆိုမှုတွေရှိပါတယ်။ သို့သော် အဆိုပါဒေသရဲ့ မတူညီတဲ့ နယ်မြေအစိတ်အပိုင်းတွေကို တစ်နိုင်ငံစီက ထိန်းချုပ်ထားပြီး အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားအဖြစ် ရှိနေခဲ့ပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ဖူးပြီး တစ်ကြိမ်ကတော့ ကက်ရှ်မီးယားအရေးကြောင့် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ လေကြောင်တိုက်ခိုက်မှုဟာ ၁၉၇၁ ခုနှစ်မှာ နှစ်နိုင်ငံကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနဲ့ ပါကစ္စတန်ထိန်းချုပ်တဲ့ ကက်ရှ်မီးယားကို ပိုင်းခြားထားတဲ့ နယ်စပ်မျဉ်းကို ပထမဆုံးအကြိမ် ဖြတ်ကျော်တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(အိန္ဒိယ လေကြောင်းတိုက်ခိုက်မှုကို ပါကစ္စတန်မှာ ကန့်ကွက်ဆန္ဒပြစဉ်) (Photo: EPA)

ပါကစ္စတန်ပိုင်နက်အတွင်း Balakot မြို့ငယ်တဝိုက် ခြေကုပ်ယူထားတဲ့ Jaish-e-Mohammad (JeM) စစ်သွေးကြွစခန်းကို လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းနဲ့ အဆိုပါ စစ်သွေးကြွအုပ်စုက အိန္ဒိယနိုင်ငံမှာ အသေခံ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vijay Gokhale က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

JeM အုပ်စုဟာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း နောက်ထပ် ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စု Lashkar-e-Taiba မှ တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယစစ်တပ်ကို တိုက်ခိုက်ခဲ့ဖူးပြီး ထိုစဉ်က အိန္ဒိယနဲပါကစ္စတန် နှစ်နိုင်ငံကြား လေးကြိမ်မြောက် စစ်ပွဲဖြစ်လုနီပါး အခြေအနေ ဖြစ်ခဲ့ပါတယ်။

(အိန္ဒိယက လေကြောင်းမှတိုက်ခိုက်ခဲ့သည့် Balakot မြို့ငယ်အနီး မြင်ကွင်း) (Photo: AFP)

အိန္ဒိယက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ Balakot မြို့ငယ်ဟာ အိန္ဒိယနဲ့ပါကစ္စတန်းကြား နယ်စပ်မျဉ်းမှ ၃၁ မိုင်မျှအကွာမှာ တည်ရှိနေပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ လက်ရှိ အခြေအနေေတွေအရ အိန္ဒိယနဲ့ပါကစ္စတန်ကြား တင်းမာမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ကို ရောက်ရှိလာကြောင်း BBC သတင်းဌာနမှ အစ္စလာမာဘတ်အခြေစိုက် လေ့လာသုံးသပ်သူ M Ilyas Khan က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်း - ကက်ရှ်မီးယားဒေသမှာ အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပါကစ္စတန်က ပစ်ချ

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုဖြစ်စဉ်များ

သြဂုတ် ၁၉၆၅ - ကက်ရှ်မီးယားအရေး နောက်တစ်ကြိမ် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉၇၁ - အိန္ဒိယက အရှေ့ပါကစ္စတန်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အိန္ဒိယလေတပ်က နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကြားဝင်ဆောင်ရွက်မှုဖြင့် စစ်ပွဲပြီဆုံးခဲ့ပါတယ်။

မေလ ၁၉၉၉ - ပါကစ္စတန်စစ်သားများနဲ့ စစ်သွေးကြွများက Kargil တောင်တန်းရှိ အိန္ဒိယစစ်တပ် ကင်းစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ အိန္ဒိယက ဝေဟင်နဲ့မြေပြင် တိုက်ခိုက်မှုများဖြင့် ကျူးကျော်သူတွေက ပြန်ဆုတ်ခွာစေခဲ့ပါတယ်။

အောက်တိုဘာ၊ ဒီဇင်ဘာ ၂၀၀၁ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက် ၂ လအကြာ ဒီဇင်ဘာလအတွင်း နယူးဒေလီမြို့ရှိ အိန္ဒိယလွှတ်တော်ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားလုနီးပါး အခြေအနေသို့ ရောက်ခဲ့ပါတယ်။

(ကက်ရှ်မီးယားဒေသကို ပိုင်းခြားထားမှု) (Map: AFP)

နိုဝင်ဘာ ၂၀၀၈ - မွမ်ဘိုင်းမြို့ရဲ့ အဓိက မီးရထားဘူတာရုံ၊ ဇိမ်ခံဟိုတယ်နဲ့ ဂျူးယဉ်ကျေးမှုဌာနတို့ကို စစ်သွေးကြွများ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၆၆ ဦး သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကို ပါကစ္စတန်မှာ အခြေစိုက်တဲ့ Lashkar-e-Taiba စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယက ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂၀၁၆ - Pathankot မြို့ရှိ အိန္ဒိယ လေတပ်အခြေစိုက်စခန်းကို စစ်သွေးကြွတွေက လေးရက်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ခုနစ်ဦးနဲ့ စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၈၊ ၂၀၁၆ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။

(အိန္ဒိယစစ်သားများ လိုက်ပါလာသည့်ဘတ်စ်ကား အသခေံဗုံးခွဲတိုက်ခိုက်ခံရမှု) (Photo: PTI)

စက်တင်ဘာ ၃၀၊ ၂၀၁၆ - အိန္ဒိယက ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေအတွင်းရှိ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ပါကစ္စတန်ကတော့ ထိုသို့ တိုက်ခိုက်မှုတွေ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၉ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း အိန္ဒိယစစ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နယ်အတွင်းရှိ JeM စစ်သွေးကြွစခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ကလည်း တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။



က္က