ပါကစ္စတန်ပိုင်နက်အတွင်း ခြေကုပ်ယူထားတဲ့ JeM စစ်သွေးကြွစခန်းကို လေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ ပိုင်နက်အတွင်းရှိ စစ်သွေးကြွစခန်းတစ်ခုကို နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ယနေ့ (ဖေဖေါ်ဝါရီ ၂၆ ရက်) ပြောပါတယ်။

(အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်တစ်နေရာ) (Photo: AFP/STR)

နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေစဉ် ယခု တိုက်ခိုက်မှုပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ပါကစ္စတန်ပိုင်နက်အတွင်း Balakot မြို့ငယ်တဝိုက် ခြေကုပ်ယူထားတဲ့ Jaish-e-Mohammad (JeM) စစ်သွေးကြွစခန်းကို လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းနဲ့ အဆိုပါ စစ်သွေးကြွအုပ်စုက အိန္ဒိယနိုင်ငံမှာ အသေခံ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Vijay Gokhale က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



"ဖြစ်လာတော့မယ့် ဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရာမှာ ကြိုတင်ကာကွယ်မှုအဖြစ် တိုက်ခိုက်မှုက လုံးဝကို မလွှဲမရှောင်သာ လိုအပ်ပါတယ်၊ ဒီလို လေ့ကျင့်ရေးစခန်းတွေ၊ ရာနဲ့ချီတဲ့ ဂျီဟတ်ဝါဒီတွေ လေ့ကျင့်နေမှုတွေက ပါကစ္စတန်အာဏာပိုင်တွေ မသိဘဲနဲ့တော့ လုပ်လို့မရနိုင်ပါဘူး" လို့ Gokhale က ဆိုပါတယ်။

(အိန္ဒိယနဲ့ပါကစ္စတန် နယ်စပ်မျဉ်းအနီးရှိ Balakot မြို့ တည်နေရာ) (Infographic Map: BBC)

ပါကစ္စတန်နိုင်ငံ Khyber Pakhtunkhwa ပြည်နယ် အစွန်အဖျား တောင်ကြားဒေသရှိ Balakot မှာ ပြုလုပ်ခဲ့တဲ့ အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွအများအပြား သေဆုံးခဲ့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးက ဖြည့်စွက်ပြောခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောခြင်း မရှိခဲ့ဘူးလို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်ဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းတွေအရ ပါကစ္စတန်က အိန္ဒိယ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် တုံ့ပြန်သွားမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ကက်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့တဲ့ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်အခြေစိုက် JeM စစ်သွေးကြွအုပ်စုက ပြောခဲ့ပါတယ်။

(စစ်သွေးကြွစခန်းကို တိုက်ခိုက်မှုအား ထောက်ခံဆန္ဒပြကြသည့် အိန္ဒိယပြည်သူအချို့) (Photo:Reuters)

၂၀၀၁ ခုနှစ်ကတည်းက ကုလသမဂ္ဂက အကြမ်းဖက်အုပ်စုအဖြစ် စာရင်းသွင်းထားခဲ့ပြီး အယ်လ်ကေဒါအဖွဲ့နဲ့လည်း ဆက်နွယ်နေတဲ့ JeM ကို ခိုလှုံခွင့်ပေးထားကြောင်း ပြောဆိုမှုတွေကို ပါကစ္စတန်နိုင်ငံက ငြင်းဆိုထားပါတယ်။ JeM အုပ်စုဟာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း နောက်ထပ် ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအုပ်စု Lashkar-e-Taiba မှ တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းပြီး အိန္ဒိယစစ်တပ်ကို တိုက်ခိုက်ခဲ့ဖူးပြီး ထိုစဉ်က အိန္ဒိယနဲပါကစ္စတန် နှစ်နိုင်ငံကြား လေးကြိမ်မြောက် စစ်ပွဲဖြစ်လုနီပါး အခြေအနေ ဖြစ်ခဲ့ပါတယ်။

အိန္ဒိယက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ Balakot မြို့ငယ်ဟာ အိန္ဒိယနဲ့ပါကစ္စတန်းကြား နယ်စပ်မျဉ်းမှ ၃၁ မိုင်မျှအကွာမှာ တည်ရှိနေပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ 

ဆက်စပ်သတင်း - ကက်ရှ်မီးယားဒေသမှာ အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပါကစ္စတန်က ပစ်ချ

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုဖြစ်စဉ်များ

သြဂုတ် ၁၉၆၅ - ကက်ရှ်မီးယားအရေး နောက်တစ်ကြိမ် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉၇၁ - အိန္ဒိယက အရှေ့ပါကစ္စတန်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကို ကူညီထောက်ပံ့ခဲ့ပါတယ်။ အိန္ဒိယလေတပ်က နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နက်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ကြားဝင်ဆောင်ရွက်မှုဖြင့် စစ်ပွဲပြီဆုံးခဲ့ပါတယ်။

မေလ ၁၉၉၉ - ပါကစ္စတန်စစ်သားများနဲ့ စစ်သွေးကြွများက Kargil တောင်တန်းရှိ အိန္ဒိယစစ်တပ် ကင်းစခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ အိန္ဒိယက ဝေဟင်နဲ့မြေပြင် တိုက်ခိုက်မှုများဖြင့် ကျူးကျော်သူတွေက ပြန်ဆုတ်ခွာစေခဲ့ပါတယ်။

အောက်တိုဘာ၊ ဒီဇင်ဘာ ၂၀၀၁ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ထို့နောက် ၂ လအကြာ ဒီဇင်ဘာလအတွင်း နယူးဒေလီမြို့ရှိ အိန္ဒိယလွှတ်တော်ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ၁၄ ဦး သေဆုံးခဲ့ပြီး နှစ်နိုင်ငံ စစ်ပွဲဖြစ်ပွားလုနီးပါး အခြေအနေသို့ ရောက်ခဲ့ပါတယ်။

နုိဝင်ဘာ ၂၀၀၈ - မွမ်ဘိုင်းမြို့ရဲ့ အဓိက မီးရထားဘူတာရုံ၊ ဇိမ်ခံဟိုတယ်နဲ့ ဂျူးယဉ်ကျေးမှုဌာနတို့ကို စစ်သွေးကြွများ ပူးပေါင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၆၆ ဦး သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုကို ပါကစ္စတန်မှာ အခြေစိုက်တဲ့ Lashkar-e-Taiba စစ်သွေးကြွအုပ်စုက လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယက ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂၀၁၆ - Pathankot မြို့ရှိ အိန္ဒိယ လေတပ်အခြေစိုက်စခန်းကို စစ်သွေးကြွတွေက လေးရက်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သား ခုနစ်ဦးနဲ့ စစ်သွေးကြွခြောက်ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၈၊ ၂၀၁၆ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေရှိ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။


စက်တင်ဘာ ၃၀၊ ၂၀၁၆ - အိန္ဒိယက ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေအတွင်းရှိ စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ပါကစ္စတန်ကတော့ ထိုသို့ တိုက်ခိုက်မှုတွေ မရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဖဖေါ်ဝါရီ ၁၄၊ ၂၀၁၉ - အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားနယ်မြေအတွင်း အိန္ဒိယစစ်သားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ ပါကစ္စတန်အခြေစိုက် Jaish-e-Mohammad (JeM) စစ်သွေးကြွအုပ်စုက ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ ပါကစ္စတန်ပိုင်နယ်အတွင်းရှိ JeM စစ်သွေးကြွစခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယက နယ်စပ်ဖြတ်ကျော်ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်ကလည်း တုံ့ပြန်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က