သြရိသျှပြည်နယ်ရှိ အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်ကြသူများကို ရွှေ့ပြောင်းထားပါတယ်။

အိန္ဒိယအရှေ့မြောက်ဘက် ကမ်းရိုးတန်းတစ်လျှောက်မှာ လူဦးရေ ၃၀၀,၀၀၀ ကို အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီ ရေယာဉ်၊ ကားနဲ့ ရထားတို့ဖြင့် ယနေ့ (မေ ၂ ရက်) မှာ ရွှေ့ပြောင်းပေးနေကြောင်း သိရပါတယ်။

(ပူရီမြို့ ကမ်းခြေမှာ တွေ့ရသည့် ပင်လယ်ပြင်အခြေအနေ) (Photo: PTI)

အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိင်းဖန်နီ (Cyclone Fani) က အိန္ဒိယကုန်းတွင်းပိုင်းကို မနက်ဖြန် (မေ ၃ ရက်) မှာ ဝင်ရောက်တိုက်ခတ်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆိုင်ကလုန်းဖန်နီက အိန္ဒိယအရှေ့ပိုင်း သြရိသျှပြည်နယ် ပူရီမြို့ရဲ့ တောင်-အနောက်တောင်ဘက် ၁၉၉ မိုင်နီးပါးအကွာ ဘင်္ဂလားပင်လယ်အော်အတွင်း တိုက်ခတ်နေပါတယ်။ ပူရီမြို့မှာရှိနေခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အထူးရထားများဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး မြို့ရဲ့ကမ်းခြေတွေမှာ လူသူကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့တယ်လု့ Reuters သတင်းကဆိုပါတယ်။



(စာသင်ကျောင်းတစ်ကျောင်းသို့ ရွှေ့ပြောင်းထားသူများ) (Photo: Business Standard)

သြရိသျှပြည်နယ်ရှိ နေရာဒေသ ၁၅ ခုရဲ့ အနိမ့်ပိုင်းတွေမှာ နေထိုင်ကြသူ စုစုပေါင်း ၁.၂ သန်းခန့်ကို ခိုလှုံရေးစခန်းများ၊ စာသင်ကျောင်းများနဲ့ အခြား အဆောက်အအုံများသို့ ရွှေ့ပြောင်းပေးထားကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

"ကျွန်တော်တို့ ရွှေ့ပြောင်းဖို့အတွက် အစွမ်းကုန် လုပ်ဆောင်နေပါတယ်" လို့ သြရိသျှပြည်နယ် ပြန်လည်ထူထောင်ရေးဌာနမှ တာဝန်ရှိသူ Bishnupada Sethi က Reuters ကို ပြောခဲ့ပါတယ်။ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၀၅ မိုင်မှ ၁၁၁ မိုင်အထိရှိကြောင်း အိန္ဒိယအစိုးရ မိုးလေဝသဌာန (India Meteorological Department - IDM) က ပြောထားပါတယ်။

(ဆိုင်ကလုန်းဖန်နီရဲ့ ဂြိုဟ်တုပုံရိပ်) (Photo: AFP)

ဆိုင်ကလုန်းမုန်တိုင်း စောင့်ကြည့်အဖွဲ့အစည်း Tropical Storm Risk က ဆိုင်ကလန်းဖန်နီကို ပြင်းအားအဆင့် ၃ (category 3) မုန်တိုင်းအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။ မုန်တိုင်းလေတိုက်နှုန်း သတ်မှတ်ရာမှာ ပြင်းအားအဆင့် ၅ က အမြင့်ဆုံးလည်းဖြစ်ပါတယ်။

ဆိုင်ကလုန်းဖန်နီဟာ အိန္ဒိယကုန်းတွင်းပိုင်းကို မေ ၃ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဝင်ရောက်မယ်လို့ IMD က ပြောထားပါတယ်။ အိန္ဒိယမှာ ဆိုင်ကလုန်းဖန်နီ ဖြတ်သန်းတိုက်ခတ်မှုအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရာမှာ အရေးပေါ်ဝန်ထမ်းတွေကို အသင့်ချထားပြီး ရေတပ်ကိုလည်း အချိန်မရွေး အကူအညီပေးနိုင်ရန် တပ်လှန့်ထားတယ်လို့ သိရပါတယ်။

(ကမ်းခြေမှာ ဆိုက်ကပ်ထားသည့် လှေများ) (Photo: Reuters)

အိန္ဒိယရေတပ်က စစ်သင်္ဘော ခုနစ်စီး၊ လေယာဉ်ခြောက်စီးနဲ့ ရဟတ်ယာဉ် ခုနစ်စီးကို ရေငုပ်သမားများ၊ ရာဘာလှေများ၊ ဆေးဘက်ဆိုင်ရာအဖွဲများနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းများနဲ့အတူ အသင့်ချထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ယခု ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ ဝင်ရောက်တိုက်ခတ်မယ့် သြရိသျှပြည်နယ်မှာ ယမန်နှစ် အောက်တိုဘာလအတွင်းကလည်း ဆိုင်ကလုန်း Titli တိုက်ခတ်မှုကြောင့် လူဦးရေ ၃၀၀,၀၀၀ ခန့် ရွှေ့ပြောင်းခဲ့ရပါတယ်။ ဆိုင်ကလုန်း Titli ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၉၃ မိုင်ရှိခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

(ရာဘာလှေနဲ့ ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင်နေမှု) (Photo: Hindustan Times)

သြရိသျှပြည်နယ်မှာ အဆိုးရွားဆုံး မုန်တိုင်းတိုက်ခတ်မှုကတော့ ၁၉၉၉ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဖြစ်ပြီး လူ ၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အိန္ဒိယ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းကို နှစ်စဉ် ဧပြီနဲ့ ဒီဇင်ဘာလအတွင်း မုန်တိုင်းများ ပုံမှန်ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းကလည်း တမီလ်နာဒူနဲ့ ကီရာလာပြည်နယ်တို့မှာ ဆိုင်ကလုန်းမုန်တိုင်း Ockhi တိုက်ခတ်မှုကြောင့် လူ ၂၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိပါတယ်။

နောက်ဆက်တွဲသတင်း - အိန္ဒိယအရှေ့ဘက် ကုန်းတွင်းပိုင်းကို ဆိုင်ကလုန်းဖန်နီ ဝင်ရောက်တိုက်ခတ်နေပြီဖြစ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က