လူတွေမှာ ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှုတွေကို ဇူလိုင်လအတွင်း စတင်သွားမှာပါ။

အိန္ဒိယနိုင်ငံမှာ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးတစ်မျိုးကို လူတွေနဲ့ စတင် စမ်းသပ်ခွင့်ပြုလိုက်ကြောင်း ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီက ဇူလိုင် ၃ ရက်နေ့မှာ ပြောပါတယ်။

(Photo: EPA-EFE)

အိန္ဒိယ ဆေးဝါးကွပ်ကဲရေးအာဏာပိုင်အဖွဲ့က ၎င်းတို့ရဲ့ ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Zydus ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက ထုတ်ပြန်ပါတယ်။ Zydus က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးဟာ တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာမှုအရ ကိုယ်ခံအားစနစ်တုံ့ပြန်မှု အားကောင်းစေပြီး ဗိုင်းရပ်စ်ကို လုံးဝ ထိန်းချုပ်တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းများ ထွက်ရှိစေခဲ့တယ်လို့ Zydus က ပြောပါတယ်။



၎င်းတို့ရဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးနှံ စမ်းသပ်မှုတွေအရလည်း ဘေးကင်းစိတ်ချရတယ်လို့ Zydus က ဆိုပါတယ်။ Zydus က လူတွေမှာ ကာကွယ်ဆေးစမ်းသပ်မှုကို အိန္ဒိယနိုင်ငံမှာ ယခုလအတွင်း စတင်သွားမှာဖြစ်ပြီး လူဦရေ ၁,၀၀၀ ပါဝင်စမ်းသပ်ခံမှာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဝယ်လိုအားကို ပြည့်မီစေရန် ကာကွယ်ဆေးထုတ်လုပ်မှု တိုးမြှင်သွားမယ်လို့လည်း ကုမ္ပဏီကဆိုပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ ယခုသီတင်းပတ်အတွင်း ဟိုက်ဒရာဘတ်မြို့ အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Bharat Biotech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကိုလည်း လူတွေနဲ့ စမ်းသပ်ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ Bharat Biotech ရဲ့ ကာကွယ်ဆေးဟာလည်း တိရိစ္ဆာန်တွေမှာ စမ်းသပ်ခဲ့မှုအရ ဘေးကင်းစိတ်ချရပြီး ထိရောက်တဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ်နေကြပြီး ၎င်းတို့အနက် အရေအတွက် တစ်ဒါဇင်ကျော်ကိုတော့ လူတွေမှာ စမ်းသပ်ထားပါတယ်။ သို့သော် လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးတစ်ခု မရရှိသေးပါဘူး။ ထို့အတူ COVID-19 အတွက် အတည်ပြုထားတဲ့ ကုသဆေးလည်း မရှိသေးကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ လက်ရှိအချိန်အထိ ကူးစက်မှုတွေ မြင့်တက်နေပြီး အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားတို့ပြီးလျှင် တစ်ကမ္ဘာလုံးမှာ ကူးစက်မှုအများဆုံး စတုတ္တမြောက် နိုင်ငံဖြစ်ပါတယ်။ ယနေ့ (ဇူလိုင် ၄ ရက်) အထိ ကိန်းဂဏန်းတွေအရ အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၆၅၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၈,၆၆၉ ဦးနဲ့ ပြန်လည်သက်သာသူ ၄၀၀,၀၀၀ နီးပါးရှိခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၁ သန်းကျော်၊ သေဆုံးသူ ၅၂၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၆.၃ သန်းကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က