ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။
Ko John

ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများပြားတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတောင်ဘက် ပင်လယ်အောက်မှာ ရစ်ချ်တာစကေး ၆.၁ အဆင့်ရှိ ငလျင်တစ်ခု ယနေ့ (ဇူလှိုင် ၁၆ ရက်) လှုပ်ခတ်သွားခဲ့ကြောင်း ဥရောပ ငလျင်စောင့်ကြည့်ဌာန EMSC က ထုတ်ပြန်ပါတယ်။

(Photo: AFP)

ငလျင်လှုပ်မှုကြောင့် ဒေသခံတွေနဲ့ ဘာလီကျွန်းမှာ အလည်အပတ်ရောက်ရှိနေတဲ့ ခရီးသွားတွေ အဆောက်အအုံများမှ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။ ငလျင်လှုပ်ကြောင့် အပျက်အစီးနဲ့ သေဆုံးဒဏ်ရာရမှု သတင်းတွေ မရှိသေးပါဘူး။ ငလျင်လှုပ်ပြီးနောက် ဟာဝိုင်အီအခြေစိုက် Pacific Tsunami Warning Center က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း Reuters သတင်းက ပြောပါတယ်။

(Photo: AP)

ယနေ့လှုပ်ခဲ့တဲ့ ငလျင်ရဲ့ဗဟိုချက်ဟာ ဘာလီကျွန်းမြို့တော် ဒန်ပါဆာ (Denpansar) မြို့ရဲ့ အနောက်တောင်ဘက် ၆၃ မိုင်အကွာ ပင်လယ်ကြမ်းပြင် မြေအောက်အနက် ၆၂ မိုင်မှာ ဖြစ်တယ်လို့ EMSC က ထုတ်ပြန်ပါတယ်။ အမေရိကန် ငလျင်စောင့်ကြည့်ဝက်ဘ်ဆိုက် Unied States Geological Survey (USGS) ကတော့ ငလျင်ရဲ့ပြင်းအားကို ရစ်ချ်တာစကေး ၅.၇ ဖြစ်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

(Map: EMSC)

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ဒန်ပါဆာမြို့ရှိ Lokanatha ဘုရားကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီး ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ ဟိန္ဒူလူနည်းစုနဲ့ ဘုရားကျောင်းတွေလည်း ရှိနေပါတယ်။

ယခု ငလျင်လှုပ်မှုကို ဘာလီကျွန်းအနီးရှိ လွမ်ဘော့ခ်နဲ့ ဂျာဗားကျွန်းတို့မှာလည်း ခံစားသိရှိခဲ့ရကြောင်း အင်ဒိုနီးရှား မိုးလေဝသနဲ့ ဘူမိရူပဗေဒဌာနက သတင်းထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။ ငလျင်ကြောင့် အရှေ့ဂျာဗားရှိ Banyuwangi မြို့မှ ဗလီတစ်ခုရဲ့အမိုး ပြိုကျခဲ့မှုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ တွေ့ရပါတယ်။

(Photo: Daily Mirror)

အင်ဒိုနီးရှားဟာ ငလျင်လှုပ်မှုနဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ကြုံရလေ့ရှိတဲ့ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများ ဆုံတွေ့ကြရာ ပစိဖိတ်မီးကွင်း (Pacific "Ring of Fire") ဒေသမှာ တည်ရှိနေပါတယ်။ ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းမာလူကူပြည်နယ် Ternate မြို့ရဲ့ တောင်-အနောက်တောင်ဘက် ၁၀၂ မိုင်ကျော်အကွာမှာ ရစ်ချ်တာစကေး ၇.၃ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ လူနှစ်ဦးထက်မနည်း သေဆုံးပြီး လူဦးရေ ထောင်နဲ့ချီရွှေ့ပြောင်းခဲ့ရပါတယ်။


မန်နှစ်အတွင်း ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ ရစ်ချ်စတာစကေး ၇.၅ အဆင့်ရှိ ငလျင်ကြီးလှုပ်ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုအတွင်း လူ ၂,၂၀၀ ကျော် သေဆုံးခဲ့ကာ အခြား လူဦးရေထောင်နဲ့ချီ ပျောက်ဆုံးကြောင်း ကြေညာခဲ့ပါတယ်။

၂၀ဝ၄ ခုနှစ်က အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာ ရစ်(ခ်)တာစကေး ၉.၃ ရှိ အင်အား အလွန်ပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကို အာချေးပြည်နယ်နဲ့ ဆူမတြာကျွန်းတို့မှာ အကြီးအကျယ် ခံစားခဲ့ရပါတယ်။ အဆိုပါ ငလျင်ကြောင့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ လူပေါင်း ၂၂၀,၀၀၀ သေဆုံးခဲ့ရာ အင်ဒိုနီးရှားတစ်နိုင်ငံတည်းမှာ လူပေါင်း ၁၇၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။



က္က