ပထမဆုံးအကြိမ်အဖြစ် ကျားတစ်ကောင် ဗိုင်းရပ်စ်ကူးစက်ခံရမှု ဖြစ်ပါတယ်။
Ko John

ကမ္ဘာတစ်ဝှမ်းမှာ ပထမဆုံးအကြိမ်အဖြစ် ကျားတစ်ကောင်ထံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

(Photo: Frank Franklin II/AP)

နယူးယော့ခ်မြို့ရှိ Bronx Zoo တိရိစ္ဆာန်ရုံရှိ ကျားတစ်ကောင်ထံမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အခြား ကျားခြောက်ကောင်ဟာလည်း ရောဂါလက္ခဏာများရှိနေတယ်လို့ အမေရိကန် Department of Agriculture ဒေသစံတော်ချိန် တနင်္ဂနွေနေ့ (ဧပြီ ၅ ရက်) မွန်းလွဲပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။



"သိရသလောက် တောရိုင်းတိရိစ္ဆာန်တစ်ကောင်က လူတစ်ယောက်ဆီကနေ COVID-19 ကူးစက်ခံရပြီး နေမကောင်းဖြစ်တာ ဒါက ပထမဆုံးပဲ" လို့ Bronx Zoo မှ တိရိစ္ဆာန်ဆေးကုဆရာဝန် ပေါလ်ကယ်လီက ပြောပါတယ်။ တိရိစ္ဆာန်ရုံကို မတ်လ ၁၆ ရက်နေ့ကတည်းက ပိတ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

(Photo: Wildlife Conservation Society)

နာဒီယာ (Nadia) လို့ အမည်ပေးထားတဲ့ အသက်လေးနှစ်အရွယ် မလေးယန်းကျားမ (Malayan tiger) ဟာ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မည်သူမှန်းမသိရသေးသူ တိရိစ္ဆာန်ရုံဝန်ထမ်းတစ်ဦးထံမှ ကူးစက်ခံခဲ့ရပုံရှိတယ်လို့ ပေါ်လ်ကယ်လီက ဆိုပါတယ်။ ကျားမဟာ ချောင်းခြောက်ဆိုးနေခဲ့ပြီးနောက် စစ်ဆေးမှုအရ ဗိုင်းရပ်စ်ကူးစက်ခံရမှု တွေ့ရှိခဲ့ရပြီး ပြန်လည်သက်သာလာမယ်လို့ ခန့်မှန်းထားကြောင်း Wildlife Conservation Society ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတယ်လို့ CNN သတင်းက ပြောပါတယ်။

ထိုတိရိစ္ဆာန်ရုံမှာ ကျားတွေကလွဲပြီး အခြား တိရိစ္ဆာန်တွေမှာတော့ COVID-19 လက္ခဏာများ မတွေ့ရဘူးလို့ ဆိုပါတယ်။ ယခင်က ပိုင်ရှင်ထံမှတစ်ဆင့် အိမ်မွေးတိရိစ္ဆာန်တွေကို ဗိုင်းရပ်စ်ကူးစက်ခံမှုအချို့ တွေ့ရှိခဲ့ရပေမဲ့ အိမ်မွေးတိရိစ္ဆာန်မဟုတ်တဲ့ ကျားမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ အိမ်မွေးတိရိစ္ဆာန် ဗိုင်းရပ်စ်ကူးစက်ခံရမှုအဖြစ် ဟောင်ကောင်မှာ ခွေးနှစ်ကောင်နဲ့ ကြောင်တစ်ကောင် ကူးစက်ခံခဲ့ရကြောင်း အတည်ပြုထားပါတယ်။

(Photo: Julie Larsen Maher/Bronx Zoo)

အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံဖြစ်ပြီး ယနေ့ (ဧပြီ ၆ ရက်) မနက်အစောပိုင်းအထိ ကူးစက်ခံရသူ ၃၃၆,၃၂၇ ဦးအထိ စစ်ဆေးတွေ့ရှိထားပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်မှာ COVID-19 ကြောင့် သေဆုံးသူ ၉,၆၀၅ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာသူ ၁၇,၂၄၅ ဦးရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ ယနေ့ မနက်အစောပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၂၇၂,၅၁၄ ဦး၊ သေဆုံးသူ ၆၉,၄၁၃ ဦးနဲ့ ပြန်လည်သက်သာသူ ၂၆၁,၄၈၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။


Author


က္က