Remdesivir ဆေးကို တောင်အာရှမှာလည်း ထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာ ကုမ္ပဏီများကြား စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အမေရိကန် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က COVID-19 ကုသဆေး Remdesivir တင်ပို့မှုတိုးချဲ့ရန် တောင်အာရှဒေသရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

(Photo: AP)

Remdesivir ဆေးကို တောင်အာရှမှာလည်း ထုတ်လုပ်ရန်အတွက် Gilead က အိန္ဒိနဲ့ ပါကစ္စတန်ရှိ ဆေးဝါးကုမ္ပဏီငါးခုနဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီး နိုင်ငံပေါင်း ၁၂၇ နိုင်ငံအတွက် ဆေးများထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို စမ်းသပ်ကုသခဲ့ရာ ရောဂါလက္ခဏာပျောက်ကင်းရန် ကြာမြင့်ချိန်ကို ၁၅ ရက်မှ ၁၁ ရက်သို့ လျှော့ချနိုင်ခဲ့တာ တွေ့ရပါတယ်။



Remdesivir ဆေးကို ဆေးရုံတက်နေရတဲ့ COVID-19 လူနာတွေအတွက် အရေးပေါ်အခြေအနေသုံးအဖြစ် အမေရိကန် FDA က ခွင့်ပြုထားပါတယ်။ ထို့အတူ ဂျပန်နိုင်ငံကလည်း Remdesivir ဆေးဖြင့် COVID-19 လူနာတွေကို ကုသရန် မေ ၇ ရက်နေ့မှာ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီ Gilead Sciences က ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို မူလက အီဘိုလာ (Ebola) ရောဂါကုသရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စမ်းသပ်ကုသခဲ့ရာမှာ အောင်မြင်မှုအနည်းငယ်မျှသာ ရှိခဲ့ပါတယ်။

သို့သော် တိရိစ္ဆာန်တွေမှာ စမ်းသပ်လေ့လာတွေအရ Remdesivir ဟာ SARS (Severe Acute Respiratory Syndrome) နဲ့ MERS (Middle East Respiratory Syndrome) ဗိုင်းရပ်စ်များ အပါအဝင် COVID-19 နဲ့ ဆက်နွယ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်များ (coronaviruses) တားဆီးမှုနဲ့ကုသမှု နှစ်မျိုးလုံး လုပ်ဆောင်နိုင်ကြောင်း တွေ့ရပါတယ်။ Remdesivir ဆေးဖြင့် COVID-19 လူနာ ၁,၀၆၃ ဦးကို အမေရိကန် National Institute of Allergy and Infectious Diseases (NIAID) အစီအစဥ်အရ စမ်းသပ်ကုသခဲ့ရာ သိသာထင်ရှားတဲ့ ထိရောက်မှုရှိပြီး ရလဒ်ကောင်းထွက်ပေါ်ခဲ့ပါတယ်။

(Photo: AFP)

ယခုအခါ လိုင်စင်သဘောတူညီမှုအရ အိန္ဒိယနဲ့ ပါကစ္စတန်ရှိ ဆေးဝါးကုမ္ပဏီငါးခုက Gilead ထံမှ Remdesivir ဆေးထုတ်လုပ်တဲ့ နည်းပညာကို ရရှိမှာဖြစ်ပြီး ဆေးထုတ်လုပ်မှုကို လျင်လျင်မြန်မြန် တိုးမြှင့်နိုင်မယ်လို့ ဆိုပါတယ်။ Remdesivir ဆေးထုတ်လုပ်ရေး Gilead နဲ့ သဘောတူညီချက်ရရှိခဲ့တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ဆေးဝါးကုမ္ပဏီများမှာ Cipla Limited, Ferozsons Laboratories, Hetero Labs Ltd, Jubilant Lifesciences နဲ့ Mylan တို့ဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က COVID-19 ကူးစက်ဖြစ်ပွားမှုကို အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်ကနေ ရုပ်သိမ်းချိန်အထိ (သို့မဟုတ်) COVID-19 ကုသရန်နဲ့ ကာကွယ်ရန်အတွက် အခြား ဆေးဝါးထုတ်ကုန် သို့မဟုတ် ကာကွယ်ဆေးတစ်ခု အတည်ပြုထွက်ပေါ်လာချိန်အထိ ယခု လိုင်စင်တွေကို အခမဲ့ ပေးအပ်ထားမယ်လို့လည်း Gilead က ထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က