ကူးစက်မှုနှစ်ကြိမ်မှ ဗိုင်းရပ်စ်ဟာ အနည်းငယ် ကွဲပြားခြားနားခြင်းရှိ မရှိ မျိုးဗီဇစစ်ဆေးမှုလုပ်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒတ်ချ်နဲ့ ဘယ်လ်ဂျီယံ နိုင်ငံတွေမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် နောက်တစ်ကြိမ် ကူးစက်ခံရသူတွေ တွေ့ရှိရကြောင်း ဒတ်ချ်အစိုးရ သတင်းဌာက NOS က ရောဂါပိုးမွှားဆိုင်ရာ ကျွမ်းကျင်သူတွေကို ကိုးကားပြီး ယနေ့ (ဩဂုတ် ၂၅ ရက်) ဖော်ပြပါတယ်။

(Photo: Reuters)

COVID-19 က‌နေ သက်သာပျောက်ကင်းပြီးသူတစ်ဦး နောက်တစ်ကြိမ် ပြန်ကူးစက်ခံရမှု ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း ဟောင်ကောင်သုတေသီတွေက ပြောကြားခဲ့ပြီးနောက် ယခုသတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဟောင်ကောင်မှ အမျိုးသားတစ်ဦးဟာ ပထမအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် လေးလခွဲအကြာမှာ ဒုတိယအကြိမ် ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။



အသက် ၃၃ နှစ်အရွယ် ဟောင်ကောင်အမျိုးသား နောက်တစ်ကြိမ် ကူးစက်ခံရမှုဟာ ပထမအကြိမ်နဲ့ မျိုးဗီဇမတူညီတဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီး ရောဂါလက္ခဏာမပြဘူးလို့ သုတေသီတွေက ပြောပါတယ်။ ယခုအခါ ဒတ်ချ် (နယ်သာလန်) နဲ့ ဘယ်လ်ဂျီယံမှာလည်း နောက်တစ်ကြိမ် ကူးစက်ခံရသူတွေ တွေ့ရှိရကြောင်း သတင်းထွက်လာခဲ့ပါတယ်။

(Photo: AP)

NOS က ရောဂါပိုးမွှားဆိုင်ရာ ကျွမ်းကျင်သူ Marion Koopmans ကို ကိုးကားပြီး ပြောကြားမှုအရ ဒတ်ချ်လူနာဟာ အသက်ကြီးသူဖြစ်ပြီး ကိုယ်ခံအားနည်းနေသူလို့ ဆိုပါတယ်။ ဒတ်ချ်နဲ့ ဘယ်လ်ဂျီယံမှာ နောက်တစ်ကြိမ် ပြန်ကူးစက်ခံရမှုတွေမှာ ပထမနဲ့ ဒုတိယအကြိမ် ကူးစက်မှုနှစ်ခုမှ ဗိုင်းရပ်စ်ဟာ အနည်းငယ် ကွဲပြားခြားနားခြင်းရှိ မရှိ မျိုးဗီဇစစ်ဆေးမှုလုပ်ရန် လိုအပ်တယ်လို့လည်း Reuters သတင်းက ပြောပါတယ်။ ဒတ်ချ်အစိုးရဲ့ အကြံပေးဖြစ်သူ Marion Koopmans ကတော့ နောက်တစ်ကြိမ် ကူးစက်ခံရမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

"တစ်ယောက်ယောက် နောက်တစ်ကြိမ် ကူးစက်ခံရတာ တွေ့လာပါလိမ့်မယ်၊ ဒါကိုတော့ ကျွန်မ မကြောက်ပါဘူး၊ ဒီလို ပြန်ကူးစက်ခံတာတွေ မကြာခဏ ဖြစ်လားဆိုတာ ကျွန်မတို့ ကြည့်ရမယ်" လို့ Marion Koopmans က ပြောပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ မပြင်းထန်တဲ့ COVID-19 ရောဂါလက္ခဏာရှိခဲ့ကြောင်း ရောဂါပိုးမွှားဆိုင်ရာ ကျွမ်းကျင်သူ Marc Van Ranst ကို ကိုးကားပြီး NOS က ဖော်ပြပါတယ်။ သို့သော် ထိုသို့ နောက်တစ်ကြိမ် ကူးစက်ခံရသူ တွေ့ရှိရမှုဟာ သတင်းကောင်းမဟုတ်ဘူးလို့ Marc Van Ranst က ပြောခဲ့ပါတယ်။

(Photo: Picture-Alliance/DPA/B. Pedersen)

၎င်းရဲ့ အဆိုအရ လူနာဟာ ပထမအကြိမ် ကူးစက်ခံရချိန်မှာ ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိ ပဋိပစ္စည်းများ ဖြစ်ပေါ်ခဲ့ပေမဲ့ ဒုတိယအကြိမ် ကူးစက်ခံရမှုကို တားဆီးရန် မလုံလောက်ခဲ့ဘဲ အနည်းငယ် ကွဲပြားခြားနားတဲ့ ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ နောက်တစ်ကြိမ် ကူးစက်ခံရမှုဟာ ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ကြောင်း သို့မဟုတ် နောက်ထပ် လူအများအပြားဟာ ခြောက်လ သို့မဟုတ် ခုနစ်လအကြာမှာ ဗိုင်းရပ်စ် ပြန်ကူးစက်ခံရနိုင်ခြင်းဖြစ်ကြောင်း အတိအကျ မသိရသေးဘူးလို့ Marc Van Ranst က ဆိုပါတယ်။

Share

Loading Next Article...
က္က