ဆန္ဒပြသူတွေက ဟောင်ကောင်လွှတ်တော်အတွင်းသို့ မှန်တံခါးဖျက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ဗြိတိန်က ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ယနေ့ (ဇူလိုင် ၁ ရက်) မှာ ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပါတယ်။

(Photo: AFP)

ဆန္ဒပြသူတွေက ဟောင်ကောင်ဥပဒေပြုကောင်စီ (ဟောင်ကောင်လွှတ်တော်) အဆောက်အအုံ မှန်တံခါးများကိုဖျက်ဆီးပြီး အတွင်းသို့ဝင်ရန် ကြိုးပမ်းခဲ့ကြရာ ရဲတပ်ဖွဲ့က ငရုပ်ကောင်းစပရေးများဖြန်းပြီး ဟန့်တားခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြသူအချို့က လွှတ်တော်အဆောက်အအုံထဲကို စီးနင်းဝင်ရောက်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။



ဆန္ဒပြသူအချို့ လွှတ်တော်အဆောက်အအုံထဲကို ရောက်ရှိလာခဲ့ပြီးနောက် လုံခြုံရေးကို အနီရောင်အဆင့် ထုတ်ပြန်လိုက်ပြီး ဆန္ဒပြသူတွေကို လွှတ်တော်အဆောက်အအုံမှ ချက်ချင်းထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ သို့သော် ညွန်ကြားချက်အတိုင်း မလိုက်နာပါက မည်သို့ဖြစ်မည်ဆိုတာကိုတော့ အာဏာပိုင်တွေက ပြောကြားခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

(Photo: AP)

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း တရုတ်နိုင်ငံသို့ တရားခံလွဲှပြောင်းပေးနိုင်မယ့် ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြကြတဲ့ သမိုင်းဝင် ဆန္ဒပြမှုများနဲ့အတူ မတည်ငြိမ်မှုတွေ ဖြစ်နေပါတယ်။ ထိုသို့ အကြီးအကျယ် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆိုင်းငံ့ထားလိုက်ပါတယ်။

(Photo: Reuters)

ယမန်နေ့ (ဇွန် ၃၀ ရက်) ကလည်း အဆိုပါ ဆန္ဒပြပွဲများကို ဖြိုခွင်းခဲ့တဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ယနေ့ မွန်းလွဲပိုင်းမှာတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ဟောင်ကောင်လမ်းမတွေပေါ်မှာ စုံရုံးချီတက်ပြီး အစိုးရကို အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ထို့နောက် မနက်ပိုင်းကတည်းက အဓိက လမ်းမကြီးသုံးခုကို ပိတ်ဆို့ထားခဲ့တဲ့ မျက်နှာဖုံးတပ် လူငယ်အများစုပါ ဆန္ဒပြလူအုပ်စုတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

(Photo: AFP)

ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်စုက လွှတ်တော်အဆောက်အအုံထဲကို ဝင်ရောက်ရန် မှန်တံခါးများကို ဖျက်ဆီးမှုတွေလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ၎င်းတို့ကို ငရုပ်ကောင်းစပရေးဖြန်းပြီး ဖြိုခွင်းဟန့်တားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ထီးများဖြင့် အကာအကွယ်ယူခဲ့ကြတာ တွေ့ရပါတယ်။ ဒီမိုကရက်တစ် လွှတ်တော်အမတ်အချို့က အခြေအနေကို ကြားဝင်ဖြေရှင်းရန် ကြိုးပမ်းခဲ့ပေမဲ့ ဆန္ဒပြသူအနည်းငယ်ကိုသာ နောက်ပြန်ဆုတ်ရန် ဖျောင်းဖျပြောဆိုနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြအချို့ကို ဖမ်းဆီးထိန်းသိမ်းမှုတွေလည်း ရှိခဲ့ပါတယ်။

(Photo: Reuters)

ဟောင်ကောင်ကို တရုတ်လက်အောက်သို့ ပြန်လည်လွှဲပြောင်းပေးမှု နှစ်ပတ်လည်နေ့မှာ ဆန္ဒပြအဓိကရုဏ်းများ ထပ်မံပေါ်ပေါက်လာမှုနဲ့အတူ ဟောင်ကောင်မှာ မတည်ငြိမ်မှုတွေ ပိုဖြစ်လာခဲ့ပါတယ်။ ယနေ့ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းများအတွင်း ဆန္ဒပြသူများက အမျိုးအမည်မသိ အရည်တစ်မျိုးပါဝင်တဲ့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

(Photo: AFP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ယခုနှစ် ဇူလိုင် ၁ ရက်မှာ တရုတ်လက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိမှု ၂၂ နှစ်ပြည့်မြောက်မှာလည်း ဖြစ်ပါတယ်။ ထိုသို့ ပြန်လည် လွှဲပြောင်းခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

နောက်ဆက်တွဲသတင်း - ဟောင်ကောင်မှာ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံကို စီးနင်းဝင်ရောက်

Source: The Guardian, Reuters, AFP

Share

Loading Next Article...
က္က