ဝန်ထမ်းတွေရဲ့ အချက်အလက်တွေကိုလည်း လွှဲပြောင်းပေးရန် တရုတ်အစိုးရက ပြောထားပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေကို အားပေးထောက်ခံကြတဲ့ Cathay Pacific လေကြောင်းလိုင်း ဝန်ထမ်းများအား ပြည်မကြီးသို့ ပျံသန်းတဲ့ခရီးစဉ်တွေမှာ လိုက်ပါခွင့်မပြုရန် တရုတ်အစိုးရက အဆိုပါ လေကြောင်းလိုင်းကို တောင်းဆိုလိုက်ပါတယ်။

(Cathay Pacific လေကြောင်းလိုင်း လေယာဉ်အချို့) (Photo: Economic Times)

အဆိုပါ ဝန်ထမ်းတွေကို တရုတ်ပြည်မကြီးသို့ ပျံသန်းတဲ့ လေကြောင်းခရီးစဉ်တွေနဲ့ တရုတ်လေပိုင်နက်ကို ဖြတ်သန်းတဲ့ လေကြောင်းခရီးစဉ်တွေမှ လိုက်ပါလုပ်ကိုင်ဆောင်ရွက်ခြင်းကို တားမြစ်ထားရန် တရုတ်အစိုးရဘက်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။



ထို့အတူ တရုတ်ပြည်မကြီးသို့ ပျံသန်းတဲ့လေကြောင်းလိုင်မှာ လိုက်ပါကြတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း လာမယ့် တနင်္ဂနွေနေ့ (သြဂုတ် ၁၁ ရက်) မှစပြီး လွှဲပြောင်းပေးရန် တရုတ်အစိုးရ လေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့က Cathay Pacific ကို ညွှန်ကြားထားပါတယ်။ ထိုနေ့မှစပြီး ခွင့်မပြုတဲ့ လေကြောင်းခရီးစဉ်တွေကို တရုတ်လေပိုင်နက်ထဲသို့ ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

(Cathay Pacific လေကြောင်းလိုင်းဥက္ကဋ္ဌ ဂျွန်ဆလိုစာ) (Photo: The Standard)

တရုတ်အစိုးရရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး Cathay Pacific လေကြောင်းလိုင်းဥက္ကဋ္ဌ ဂျွန်ဆလိုစာကတော့ ၎င်းရဲ့ဝန်ထမ်းတွေနဲ့ လွတ်လပ်စွာ တွေးခေါ်ထင်မြင်မှုကို ကာကွယ်ခဲ့ပါတယ်။ "ကျွန်တော်တို့ ဟောင်ကောင်မှာ ဝန်ထမ်း ၂၇,၀၀၀ ရှိပါတယ်၊ လွယ်လွယ်လေး စိတ်ကူးကြည့်လို့ရပါတယ် ဒီဝန်ထမ်း ၂၇,၀၀၀ ထဲမှာ ကိစ္စတစ်ခုတိုင်းအပေါ် အမြင်တွေအမျိုးမျိုးရှိကြမှာပါပဲ၊ သေချာတာက သူတို့ကို တစ်စုံတစ်ရာကိုပဲ စဉ်းစားတွေးခေါ်ရမယ်လို့ ပြောဖို့အတွက် ကျွန်တော်တို့ အိပ်မက်မက်နေမှာ မဟုတ်ဘူး" လို့ ဂျွန်ဆလိုစာက ပြောပါတယ်။ 

ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်းမှ ဝန်ထမ်းအချို့က ဟောင်ကောင်ဆန္ဒပြမှုမှာ ပူးပေါင်းခဲ့ကြပြီးနောက် တရုတ်အစိုးရက ထိုလေကြောင်းလိုင်းကို ပစ်မှတ်ထားလာခဲ့တာလည်း ဖြစ်ပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြမှုအရ Cathay Pacific မှ လေယာဉ်မှူးတစ်ဦးဟာ ဆူပူအုံကြွမှုဖြင့် စွဲချက်တင်ခံထားရတယ်လို့ ဆိုပါတယ်။

(ဟောင်ကောင်လေဆိပ်မှာ ထိုင်သပိတ်ဆင်နွှဲမှုမြင်ကွင်း) (Photo: AFP)

လယောဉ်အမှုထမ်းများသမဂ္ဂက အခြား လေကြောင်းပျံသန်းမှုကဏ္ဍမှ ဝန်ထမ်းတွေနဲ့အတူ ဆန္ဒပြမှုတွေကို ထောက်ခံကြောင်း တနင်္လာနေ့ (သြဂုတ် ၅ ရက်) က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားခဲ့ပါတယ်။ လေယာဉ်အမှုထမ်းသမဂ္ဂ အဖွဲ့ဝင်အချို့က ဟောင်ကောင် အထွေထွေသပိတ်မှောက် ဆန္ဒပြမှုမှာ ပါဝင်ခဲ့ကြပြီးနောက် ထိုသို့ ကြေညာချက်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ထိုအခြေအနေ ဖြစ်ခဲ့ပြီးနောက် တရုတ်သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာမှာ Cathay Pacific လေကြောင်းလိုင်းကို အပြင်းအထန် ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ တရုတ်ဆိုရှယ်မီဒီယာမှာ #BoycottCathayPacific အမည်ရှိ hashtag ဖြင့် ဝေဖန်ထားမှုကို ကြည့်ရှုသူ ၁၇ သန်းကျော်နဲ့ မှတ်ချက်ပေးမှု ၈,၀၀၀ အထိရှိခဲ့ကြောင်း သိရပါတယ်။

(ဟောင်ကောင်လေဆိပ်မှာ ဆန္ဒပြနေမှု) (Photo: MediaCorp/CNA)

တရုတ်အစိုးရသတင်းဌာနတွေက သတင်းဆောင်းပါးများဖြင့် အားပေးအားမြောက်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဟောင်ကောင်မှာ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ခဲ့ကြရာမှ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့တာ နှစ်လကြာခဲ့ပြီလို့ဆိုပါတယ်။

ဟောင်ကောင်မှာ ယခုဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ ၎င်းရဲ့ ဗဟိုအုပ်ချုပ်မှုကို စိန်ခေါ်မှုတစ်ခုအဖြစ် တရုတ်အစိုးရက ရှုမြင်ထားပြီး ပြင်းထန်တဲ့ သတိပေးခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက လေဆိပ်ထဲမှာ သုံးရက်ကြာ ထိုင်သပိတ်ဆင်နွှဲမှုကို သောကြာနေ့ (သြဂုတ် ၉ ရက်) က စတင်ခဲ့ကြကြောင်းလည်း သိရပါတယ်။

(ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်) (Photo: Reuters)

ထိုအတောအတွင်း နှစ်လကြာမြင့်တဲ့အထိ ဆန္ဒပြနေခဲ့ကြတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက လေဆိပ်မှာ ထိုင်သပိတ်ဆင်နွှဲနေကြပေမဲ့ အလျှော့ပေး လိုက်လျောသွားမှာမဟုတ်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ယမန်နေ့မှာ ပြောခဲ့ပါတယ်။ ဟောင်ကောင်မှာ ဆန္ဒပြမှုတွေ ပေါ်ပေါကနေခဲ့မှုဟာ တတိယမြောက်လအတွင်း ရောက်ရှိလာခဲ့ပြီး ထိုဆန္ဒပြမှုတွေက ဟောင်ကောင်ရဲ့ စီးပွားရေးကို ထိခိုက်စေကြောင်း ကာရီလမ်က မှတ်ချက်ပြုထားခဲ့ပါတယ်။

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်လအတွင်း သီတင်းပတ်ကုန် ရက်များအပြင် အခြား ရက်တွေမှာပါ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင်နေရာအနှံ့အပြား စုရုံးချီတက်ပွဲတွေ ပြုလုပ်လာခဲ့ကြပြီး မိသားစုများမှ ရှေ့နေများအထိ အားပေးထောက်ခံမှုတွေ ရရှိထားကြပါတယ်။

(ဟောင်ကောင်မှာ ဒီမိုကရေစီလိုလားသူများ ဆန္ဒပြမှု) (Photo: AFP)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: AFP, BBC, SCMP

Share

Loading Next Article...
က္က