လေဆိပ်ရဲ့ ပြည်ပဆိုက်ရောက်ဆောင် ကြမ်းပြင်နေရာမှာ စုရုံးထိုင်နေခဲ့ကြပါတယ်။

ဟောင်ကောင်လေဆိပ်ထဲမှာ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ သုံးရက်ကြာ ထိုင်သပိတ်ဆင်နွှဲမှုကို ယနေ့ (သြဂုတ် ၉ ရက်) စတင်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

ဒီမိုကရေစီလိုလားသူတွေက နှစ်လကြာပြီဖြစ်တဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် နိုင်ငံတကာ ထောက်ခံအားပေးမှုရရှိရန် မျှော်လင့်ပြီး ဟောင်ကောင်လေဆိပ်မှာ ထိုင်သပိတ်ဆင်နွှဲကြတာလည်း ဖြစ်ပါတယ်။ ထိုင်သပိတ်မှာ ပါဝင်သူအများအပြားက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အနက်ရောင်ဝတ်စုံတွေ ဝတ်ဆင်ထားကြပြီး လေဆိပ်ရဲ့ ပြည်ပဆိုက်ရောက်ဆောင် ကြမ်းပြင်နေရာမှာ စုရုံးထိုင်နေခဲ့ကြပါတယ်။



ဆန္ဒပြသူတွေက ဟောင်ကောင်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုကို ရှုတ်ချကြောင်း တရုတ်နဲ့အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ထားကြတာ တွေ့ရပါတယ်။ ထိုင်သပိတ်ဆင်နွှဲသူတွေ ကိုင်ဆောင်ထားတဲ့ ကတ်ထူပြားတစ်ခုမှာ "နိုင်လိုမင်းထက် ပြုမူအုပ်ချုပ်မှုနဲ့ ရဲတပ်ဖွဲ့ရဲ့ လူမဆန်မှုကနေ ဟောင်ကောင်ကို ကယ်တင်ကြ" လို့ ရေးသားထားခဲ့ပါတယ်။

(Photo: @StephenMcDonell/Twitter)

လေဆိပ်တာဝန်ရှိသူတွေထံမှ ကန့်ကွက်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ထိုင်သပိတ်ဆင်နွှဲသူတွေက ကျယ်လောင်စွာ အားပေးကြွေးကြော်ခဲ့ကြပါတယ်။ လေဆိပ်အပေါ်ထပ်ကနေ ချိတ်ဆွဲထားတဲ့ ရှည်လျားတဲ့ နဖူးစည်းစာတန်းတစ်ခုမှာတော့ "ဟောင်ကောင်ကို လွတ်မြောက်အောင်လုပ်ကြ၊ တော်လှန်ရေး အခုစပြီ" လို့ အဓိပ္ပါယ်ရတဲ့ စာသားကို ရေးသားထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်လအတွင်း သီတင်းပတ်ကုန် ရက်များအပြင် အခြား ရက်တွေမှာပါ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဟောင်ကောင်နေရာအနှံ့အပြား စုရုံးချီတက်ပွဲတွေ ပြုလုပ်လာခဲ့ကြပြီး မိသားစုများမှ ရှေ့နေများအထိ အားပေးထောက်ခံမှုတွေ ရရှိထားကြပါတယ်။

(Photo: AFP)

ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များသုံးပြီး လူစုခွဲရန် လုပ်ဆောင်ခဲ့သလို ဆန္ဒပြသူတွေကလည်း အုတ်ခဲများနဲ့ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြကာ အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေကို တုတ်များကိုင်ဆောင်ထားတဲ့ လူအုပ်စုတစ်ခုက MRT ရထားဘူတာရုံမှာ တိုက်ခိုက်မှုလည်းဖြစ်ပွားခဲ့ပါတယ်။

ယနေ့ ဟောင်ကောင်လေဆိပ်မှာ ထိုင်သပိတ်ဆင်နွှဲမှုကို သီတင်းပတ်ကုန် တနင်္ဂနွေနေ့ (သြဂုတ် ၁၁ ရက်) အထိ ဆင်နွှဲသွားကြရန် စီစဉ်ထားပါတယ်။ ပြင်သစ်နိုင်ငံမှ ဟောင်ကောင်ကို အလည်အပတ်ရောက်ရှိလာတဲ့ Clara Boudehen အမည်ရှိ အမျိုးသမီးက လေဆိပ်မှာ ယခုကဲ့သို့ စုရုံးဆန္ဒပြမှုကို အလွန်သဘောကျကြောင်း ပြောပါတယ်။

"ကျွန်မတို့ရဲ့ ဒီမိုကရေစီက အပြည့်အဝ မဟုတ်ဘူး၊ ကျွန်မတို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရပါမယ်၊ လူတွေ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြတာကို မြင်တွေ့ရဖို့က အလွန် အရေးပါပါတယ်" လို့ သူမကဆိုပါတယ်။ တရုတ်ဗဟိုးအစိုးရကတော့ ဟောင်ကောင်ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

အစောပိုင်းမှာ ဟောင်ကောင် ငြိမ်ဝပ်ပိပြားရေးအတွက် တရုတ်စစ်တပ်က ပါဝင်ကူညီနိုင်ကြောင်း ပြောခဲ့ပြီး သြဂုတ် ၆ ရက်နေ့ကလည်း အပြင်းထန်ဆုံး စကားလုံးများသုံးနှုန်းပြီး တရုတ်အစိုးရ တာဝန်ရှိသူက သတိပေးခဲ့ပါတယ်။

(Photo: AFP)

"အလွန်သေးငယ်တဲ့ မသမာသူအုပ်စုနဲ့ အကြမ်းဖက်ပြစ်မှုကျူးလွန်သူတွေနဲ့ ၎င်းတို့နောက်ကွယ်မှ အကောက်ကြံနေတဲ့ အင်အားစုတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်၊ မီးနဲ့ကစားသူတွေဟာ မီးလောင်ခံရလိမ့်မယ်ဆိုတာပါပဲ" လို့ တရုတ်အစိုးရက ကြီးကြပ်ကွပ်ကဲတဲ့ ဟောင်ကောင်နဲ့မကာအို ဆက်ဆံရေးရုံး (Hong Kong and Macau Affairs Office - HKMAO) မှ ပြောခွင့်ရပုဂ္ဂိုလ် Yang Guang က သြဂုတ် ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က