ယခင်က မမြင်ခဲ့ဖူးတဲ့ ဒုံးကျည်အမျိုးအစားသစ် ပါဝင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ပြောပါတယ်။

မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်းကို ယနေ့ (ဇူလိုင် ၂၅ ရက်) မနက်အစောပိုင်းမှာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်း ဝန်စန်မြို့အနီး နေရာတစ်ခုကနေ ပစ်လွှတ်လိုက်ကြောင်းနဲ့ ယခင်က မမြင်ခဲ့ဖူးတဲ့ အမျိုးအစားသစ်တစ်မျိုး ပါဝင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ပြောကြားပါတယ်။

(Photo: AFP)

မြောက်ကိုရီးယားက ယနေ့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်နှစ်စင်းအနက် ဒုတိယ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အကွာအဝေး ၄၂၉ မိုင်ခန့်အထိ ရောက်ရှိခဲ့ပြီး ယခင်က မမြင်ခဲ့ဖူးတဲ့ အမျိုးအစားဖြစ်တယ်လို့ တောင်ကိုရီးယား Joint Chiefs of Staff စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။



အစောပိုင်းမှာတော့ ြမောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ အမြင့် ၃၁ မိုင်နဲ့ အကွာအဝေး ၂၆၇ မိုင်ကျော် ရောက်ရှိခဲ့ပြီးနောက် အရှေ့ပင်လယ်ပြင်မှာ ကျရောက်ခဲ့တယ်လို့ JCS က ပြောထားခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ယနေ့ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်ထဲကို မရောက်ခဲ့ကြောင်းနဲ့ ဂျပန်ရဲ့ နိုင်ငံတော်လုံခြုံရေးကို သက်ရောက်မှု မရှိခဲ့ကြောင်း အမည်မဖော်တဲ့ ဂျပန်အစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး Kyodo News က ဖော်ပြပါတယ်။

(မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှု တီဗီသတင်းကို ဆိုးလ်မြို့ ကြည့်ရှုနေကြစဉ်) (Photo: Ahn Young-joon/AP)

ယနေ့ ဒုံးကျည်စမ်းသပ်မှုဟာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ဇွန်လကုန်ပိုင်းက တွေ့ဆုံခဲ့ကြပြီးနောက် ပထမဆုံး ဒုံးကျည်စမ်းသပ်မှုလည်း ဖြစ်လာမယ်လို့သိရပါတယ်။

ဒုံးကျည်းစမ်းသပ်မှု သတင်းနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့က မှတ်ချက်ပေးပြောကြားခြင်း မရှိသေးကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ထရန့်နဲ့ ကင်မ်ဂျုံအန်တို့ စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်နဲ့ မြောက်ကိုရီးယားက လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုအသစ်များ မကြာမီ လုပ်ဆောင်သွားမယ်လို့ ပြောထားခဲ့ပါတယ်။

(Photo: Lee Jin-man/AP)

သို့သော် ထိုနောက်ပိုင်းမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သွားမယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ နောက်ဆုံးအကြိမ် လက်နက်စမ်းသပ်မှုကို ယခုနှစ် မေလအတွင်း ပြုလုပ်ခဲ့ပြီး တာတိုပစ်ဒုံးကျည်တွေနဲ့ ပိုမိုသေးငယ်တဲ့ ဒုံးလက်နက်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ အဆိုပါ လက်နက်စမ်းသပ်မှုတွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

(ရေငုပ်သင်္ဘောကို စစ်ဆေးနေသည့် ကင်မ်ဂျုံအန်) (Photo: Sky News/KCNA)

အင်္ဂါနေ့ (ဇူလိုင် ၂၃ ရက်) ကလည်း ကင်မ်ဂျုံအန်က ဒုံးကျည်အစီအစဉ် ဦးဆောင်သူတွေ ခြံရံလိုက်ပါလျက် အသစ်တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောကြီးတစ်စီးကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖော်ပြခဲ့ပါတယ်။ ထိုသတင်းဟာ မြောက်ကိုရီးယားအနေနဲ့ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည် တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်း ဖြစ်နိုင်ခြေရှိတဲ့ အချက်ပြမှုလို့ဆိုပါတယ်။

ကိုရီယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေဟာ ဗီယက်နမ်နိုင်ငံမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထရန့်နဲ့ကင်မ်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်း - ဒုံးကျည်ပစ်လွှတ်မှုတွေက တောင်ကိုရီးယားကို အလေးအနက် သတိပေးမှုလို့ မြောက်ကိုရီးယားပြော

Share

Loading Next Article...
က္က