မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းကနေ ပစ်လွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ယနေ့ (သြဂုတ် ၂ ရက်) မနက်အစောပိုင်းမှာ ဒုံးလက်နက်ပစ်လွှတ်မှုတွေ ထပ်မံ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားသတင်းဌာန Yonhap နဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။

(ဇူလိုင် ၃၁ ရက် ဒုံးကျည်ပစ်လွှတ်မှုကို ကင်မ်ဂျုံအန် ကြည့်ရှုခဲ့စဉ်) (Photo: KCNA)

ကနဦး အချက်အလက်တွေအရ အမျိုးအမည် မသိရသေးတဲ့ တာတိုပစ်ဒုံးလက်နက်တွေကို မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းကနေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်အဖွဲ့အစည်း Joint Chiefs of Staff (JCS) က Yonhap ကို ပြောခဲ့ပါတယ်။



အဆိုပါ လက်နက်တွေကို ယနေ့ ဒေသစံတော်ချိန် အာရုဏ်မတက်မီအချိန်က မြောက်ကိုရီးယားနိုင်ငံ တောင်ပိုင်း Hamgyong ပြည်နယ် Yonghung ကနေ အရှေ့ပင်လယ်ပြင်သို့ ပစ်လွှတ်လိုက်ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ သိရှိထားရတဲ့ အချက်အလက်တွေအရ ယနေ့ လက်နက်စမ်းသပ်မှုဟာ ယခင်က မြောက်ကိုရီးယားက ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေနဲ့ တူညီနေတယ်လို့ အမေရိကန် တာဝန်ရှိသူနှစ်ဦးက ဆိုပါတယ်။

(ဇူလိုင် ၂၅ ရက် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှု) (Photo: KCNA)

မြောက်ကိုရီးယားက ယနေ့ လက်နက်စမ်းသပ်မှုဟာ ရှစ်ရက်အတွင်း တတိယအကြိမ်လည်း ဖြစ်လာပါတယ်။ အစောပိုင်း ဒုံးကျည်ပစ်လွှတ်မှုတွေဟာလည်း တောင်ကိုရီးယားကို လက်နက်များတင်သွင်းနေမှုနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတို့ ရပ်ဆိုင်းရန် အလေးအနက် သတိပေးခြင်းဖြစ်တယ်လို့ မြောက်ကိုရီးယားက ထုတ်ဖော်ပြောထားပါတယ်။

အမည်မဖော်ပြတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကတော့ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုဟာ မြောက်အမေရိကကို ခြိမ်းခြောက်မှုတစ်ခု မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားက ဇူလိုင် ၂၅ ရက်နဲ့ ၃၁ ရက်တို့မှာလည်း ဒုံးကျည်နှစ်စင်းစီ ပစ်လွှတ်ခဲ့ပါတယ်။

(ထရန့်နဲ့ကင်မ်ဂျုံအန် စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့စဉ်) (Photo: AP)

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို မေးမြန်းခဲ့ရာမှာ ၎င်းတို့ဟာ တာတိုပစ်တွေဖြစ်ပြီး သာမန်မျှအဆင့်ဖြစ်တာကြောင့် စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ဖြေကြားခဲ့ပါတယ်။

အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတစ်ဦးကလည်း မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုဟာ ကင်မ်ဂျုံအန်က သမ္မတထရန့်နဲ့ တွေ့ဆုံစဉ် ကတိပေးထားမှုကို ဖောက်ဖျက်ခဲ့ခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့ကြစဉ် ကင်မ်ဂျုံအန်က တာဝေးပစ်ဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်မှာမဟုတ်ကြောင်း ကတိပေးထားခဲ့တယ်လို့ သိရပါတယ်။

(ရေငုပ်သင်္ဘောတည်ဆောက်မှုကို ကင်မ်ဂျုံအန် ကြည့်ရှုစစ်ဆေးစဉ်) (Photo: KCNA)

ထရန့်နဲ့ကင်မ်ဂျုံအန်တို့ဟာ ဇွန်လ ၃၀ ရက်မှာ ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ တွေ့ဆုံခဲ့ကြပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြပါတယ်။ သို့သော် ထိုနောက်ပိုင်းမှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့များ ပူးပေါင်းပြုလုပ်သွားမယ့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို မြောက်ကိုရီးယားက ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုခဲ့ပါတယ်။

ကိုရီယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေဟာ ဗီယက်နမ်နိုင်ငံမှာ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း ထရန့်နဲ့ကင်မ်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် ရပ်တန့်နေခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က