ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်တစ်မြို့လုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းဧရိယာမှာ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ (ဩဂုတ် ၅ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းအချိန်အထိ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြောင်း သိရပါတယ်။

(Photo: Reuters)

ယမန်နေ့ (ဩဂုတ် ၄ ရက်) ညနေ ၆ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးတွေကြောင့် လက်ရှိအချိန်အထိ လူ ၁၅၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆,၀၀၀ ရှိခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးကြောင့် ဘေရွတ်တစ်မြို့လုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားခဲ့ပြီး ဆိပ်ကမ်းဧရိယာပေါ်မှာ မှိုပွင့်ပုံစံ မီးခိုးလုံးကြီးကို တွေ့မြင်ခဲ့ရပါတယ်။



(Photo: Reuters)

ယခု ပေါက်ကွဲမှုကြီးဟာ ဆိပ်ကမ်းကုန်လှောင်ရုံတစ်ခုမှာ ဘေးကင်းလုံခြုံစွာ သိုလှောင်ထားခြင်းမရှိတဲ့ အမိုနီယံနိုက်ထရိတ် (ammonium nitrate) တန်ချိန် ၂,၇၅၀ ကြောင့် ဖြစ်ပွားခဲ့တယ်လို့ လက်ဘနွန်သမ္မတ Michel Aoun က ပြောပါတယ်။ အမိုနီယံနိုက်ထရိတ်ကို စိုက်ပျိုးရေးလုပ်ငန်းမှာ ဓာတ်မြေဩဇာအဖြစ် အသုံးပြုကြပြီး ပေါက်ကွဲစေတတ်တဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းအရ ပေါက်ကွဲကြီးဖြစ်ပွားခဲတဲ့ ဘေရွတ်ဆိပ်ကမ်းမှ တာဝန်ရှိသူတွေကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း လက်ဘနွန်အစိုးရက ပြောပါတယ်။

(Photo: AFP)

ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီးနောက် သမ္မတ Michel Aoun က အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ် ယနေ့ ပြုလုပ်ခဲ့ပြီးနောက် သီတင်းနှစ်ပတ်ကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ယခု ပေါက်ကွဲမှုဖြစ်ရပ်အတွက် လက်ဘနွန်မှာ ယနေ့မှစပြီး သုံးရက်ကြာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကာလ သတ်မှတ်ထားကြောင်း သိရပါတယ်။ ဘေရွတ်ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ ပြင်းထန်လွန်းတာကြောင့် မိုင် ၁၅၀ အကွာရှိ ဆိုက်ပရပ်စ်ကျွန်းနိုင်ငံမှာပင် ခံစားသိရှိခဲ့ရပါတယ်။ 

(Photo: AFP)

ထိုအတောအတွင်း လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဆိပ်ကမ်းဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်စစ်တပ် ဗိုလ်ချုပ်ကြီးတွေက ထင်မြင်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောခဲ့ပါတယ်။ ဘေရွတ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ ၎င်းတိုနဲ့ မသက်ဆိုင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ထို့အတူ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအုပ်စုကလည်း ၎င်းတို့ရဲ့ ဒုံးကျည်ပစ်ခတ်မှုကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က