"တစ်ကယ်လို့ ကျွန်တော် အဆင်သင့်မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော် ဒီမှာ ဘယ်ရှိနေမလဲ"

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အဆင့်သင့်မဖြစ်ခဲ့ပါက ၎င်းအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဗီယက်နမ် တွေ့ဆုံဆွေးနွေးပွဲမှာ ရှိနေမှာမဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) ပြောကြားလိုက်ပါတယ်။

(Photo: Reuters)

နျူကလီးယားလက်နက်ဖျက်သိမ်းရန် အဆင်သင့်ဖြစ်ခြင်းရှိ မရှိ သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ "တစ်ကယ်လို့ ကျွန်တော် အဆင်သင့်မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော် ဒီမှာ ဘယ်ရှိနေမလဲ" လို့ ကင်မ်ဂျုံအန်က ပြန်လည် ဖြေကြားခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ ကင်မ်ဂျုံအန်က ထိုသို့ ဖြေကြားခဲ့မှုအပေါ် ထရန့်က "ခင်ဗျား ဖြေခဲ့ဖူးသမျှတွေထဲ ဒီအဖြေက အကောင်းဆုံးပဲ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား နျူကလီးယားလက်နက်ဖျက်သိမ်းရေးမှာ သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အခိုင်အမာ ဆက်လက် အကောင်အထည်ဖော်လိုခြင်းရှိ မရှိကိုလည်း သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ကင်မ်ဂျုံအန်က "အခု ကျွန်တော်တို့ ဆွေးနွေးနေတာ အဲဒါပါပဲ" လို့ ဖြေကြားသွားခဲ့ပါတယ်။

(Photo: AFP/Saul Loeb)

ကင်မ်ဂျုံအန်က သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားမှုအတွင်း ပြုံးယမ်းမြို့တော်မှာ အမေရိကန်ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်အစီအစဉ်ကို ကြိုဆိုကြောင်းလည်း ပြောခဲ့ပါတယ်။ နိုင်ငံခြားရေးရာကဏ္ဍအရ ဆက်ဆံရေးရုံးတွေဟာ သံရုံးတွေအောက် အဆင့်နိမ့်ပေမဲ့ စစ်ပွဲကာလ ရန်ဘက်နှစ်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရာမှာ အရေးပါတဲ့ ကနဦး ခြေလှမ်းဖြစ်လာမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတထရန့်ကလည်း ဆက်ဆံရေးရုံး အစီအစဉ်ဟာ ကောင်းမွန်ကြောင်းပြောခဲ့ပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုကို ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။ 

ထရန့်နဲ့ကင်မ်တို့ဟာ စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုအပြီး ၈ လအကြာမှာ နောက်တစ်ကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ စင်ကာပူ ထိပ်သီးတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။

(Photo: CNN)

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ယခုတစ်ကြိမ် ဗီယက်နမ်မှာပြုလုပ်မယ့် ထရန်နဲ့ကင်မ်ဂျုံအန် ထိပ်သီးတွေ့ဆုံမှုအတွင်း ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာလိမ့်မယ်လို့ ခန့်မှန်းမျှော်လင့်မှုတွေလည်းရှိနေပါတယ်။ ထိပ်သီးဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၂၇ ရက်နဲ့ ယနေ့ (၂၈ ရက်) တို့မှာ ပြုလုပ်နေတာဖြစ်ပြီး သဘောတူကြေညာချက်တွေကိုတော့ ထရန့်နဲ့ကင်မ်ဂျုံအန်က ယနေ့ နှောင်းပိုင်းမှာ လက်မှတ်ရေးထိုး ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရကြောင်း AFP သတင်းက ပြောပါတယ်။

နာက်ဆက်တွဲသတင်း ဖတ်ရှုရန်

Share

Loading Next Article...
က္က