အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီချက် မရရှိခဲ့ပါဘူး။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ထိပ်သီးတွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီချက် မရရှိခဲ့ကြကြောင်း အိမ်ဖြူတော်က ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) ပြောပါတယ်။

(Photo: CGTN)

ထရန့်နဲ့ကင်မ်တို့ဟာ အလွန်ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဆာရာစန်းဒါးစ်က ထုတ်ပြန်ခဲ့ပါတယ်။



"ခေါင်းဆောင်နှစ်ဦးက နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တိုးတက်မှုရှိစေဖို့ နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးခဲ့ကြပါတယ်၊ ဒီတစ်ကြိမ်မှာ သဘောတူညီချက် မရခဲ့ကြပါဘူး၊ ဒါပေမဲ့ သူတို့ရဲ့ သက်ဆိုင်ရာအဖွဲ့တွေက လာမယ့် အနာဂတ်ကာလမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားကြမယ်လို့ မျှော်လင့်ပါတယ်" ဆာရာစန်းဒါးစ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: Reuters)

ထရန့်နဲ့ကင်မ်တို့က ဟနွိုင်းမြို့ရှိ ပြင်သစ်ကိုလီနီခေတ်လက်ရာ Metropole ဟိုတယ်မှာ ယနေ့မနက်ပိုင်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီးနောက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်မှာ ဟိုတယ်မှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးက မနက်ပိုင်း တံခါးပိတ် ဆွေးနွေးမှုတွေအပြီးမှာ သဘောတူညီချက် လက်မှတ်ရေးထိုးမှု မရှိခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

မနက်ပိုင်း ဆွေးနွေးမှုတွေအပြီးမှာ အလုပ်သဘော နေ့လယ်စာ အတူတကွသုံးဆောင်ရန် စီစဉ်ထားမှုကိုလည်း အချိန်ကပ်မှ ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတထရန့်က ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ သတင်းရှင်းလင်းပွဲကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး မူလ စီစဉ်ထားချိန်ထက် ၂ နာရီခန့် ပိုစောခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ယနေ့မနက် အစောပိုင်းမှာတော့ ထရန့်နဲ့ကင်မ်က သတင်းထောက်တွေကို အတူတကွ တွေ့ဆုံခဲ့ကြသေးပြီး နှစ်ဦးလုံးဟာ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိတဲ့ ပုံစံမျိုးမြင်တွေ့ခဲ့ကြရပါတယ်။

သတင်းထောက်တွေက နျူကလီးယားလက်နက်ဖျက်သိမ်းရန် အဆင်သင့်ဖြစ်ခြင်းရှိ မရှိ မေးမြန်းခဲ့ရာမှာလည်း ကင်မ်ဂျုံအန်က "တစ်ကယ်လို့ ကျွန်တော် အဆင်သင့်မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော် ဒီမှာ ဘယ်ရှိနေမလဲ" လို့ ကင်မ်ဂျုံအန်က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ကင်မ်ဂျုံအန်က ထိုသို့ ဖြေကြားခဲ့မှုအပေါ် ထရန့်က "ခင်ဗျား ဖြေခဲ့ဖူးသမျှတွေထဲ ဒီအဖြေက အကောင်းဆုံးပဲ" လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

ယခုအခါ နောက်ဆုံးအချိန်ကပ်ပြီး ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲ အစီအစဉ်များ ပြောင်းလဲသွားမှုအပေါ် မေးခွန်းထုတ်မှုတွေလည်း မြင့်တက်လာပါတယ်။ ထရန့်နဲ့ကင်မ်တို့ရဲ့ ဟနွိုင်း ထိပ်သီးဆွေးနွေးမှုမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခဲ့ခြင်းရှိ မရှိအပေါ် မေးခွန်းထုတ်နေကြပါတယ်။

(Photo: CNN)

ကင်မ်က မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ အပြည့်အဝ ရုပ်သိမ်းပယ်ဖျက်ပေးရန် တောင်းဆိုခဲ့မှုကို ထရန့်က ငြင်းပယ်ခဲ့ပြီးနောက် ထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ၎င်းတို့နှစ်ဦးရဲ့ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုကို ယမန်နှစ် ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။ ထရန့်နဲ့ကင်မ်တို့ဟာ စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုအပြီး ၈ လအကြာမှာ နောက်တစ်ကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ 

စင်ကာပူ ထိပ်သီးတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။

(Photo: The White House)

သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

AFP သတင်းမှာ ဖော်ပြထားမှုအရ သမ္မတထရန့်ဟာ ၎င်းရဲ့ ကာလရှည်ကြာ ပုဂ္ဂိုလ်ရေးရှေ့နေဖြစ်သူ မိုက်ကယ်ကိုဟင်က လွှတ်တော်မှာ ထွက်ဆိုမှုပြုလုပ်ခဲ့ပြီးနောက် ဝါရှင်တန်ကို ပြန်သွားလိုဖွယ်ရှိကြောင်း သိရပါတယ်။ မိုက်ကယ်ကိုဟင်က လွှတ်တော်မှာ ထွက်ဆိုခဲ့မှုများက သမ္မတထရန့်ရဲ့ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ခဲ့တယ်။


ဆက်စပ်အကြောင်းအရာများ



က္က