ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ပထမဆုံးအကြိမ်အဖြစ် နာရီ ၁၀၀ အတွင်း ၁ သန်းတိုးလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (ဇူလိုင် ၁၇ ရက်) ညဥ့်နက်ပိုင်းမှာ ၁၄ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လနီးပါးအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၄ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ ၆ သိန်းနီးပါး (၅၉၅,၀၀၀ ကျော်) သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်မှာ ကူးစက်ခံရသူ ၁၃ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း (နာရီ ၁၀၀ အတွင်း) နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ဇူလိုင် ၁၃ ရက်နေ့မှာ ၅၇၁,၀၀၀ ကျော်ဖြစ်ခဲ့ရာ ၄ ရက်အတွင်း ၂၄,၀၀၀ ကျော်တိုးလာခဲ့ပါတယ်။

(Photo: AP)

ယခုအခါ ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်မှု သန်းနဲ့ချီ တွေ့ရတဲ့နိုင်ငံ သုံးနိုင်ငံအထိ ရှိလာခဲ့ပါတယ်။ အိန္ဒိယမှာ ဇူလိုင် ၁၇ က်နေ့ စာရင်းတွေအရ ကူးစက်ခံရသူ ၁ သန်းကျော်လွန်လာပြီးနောက် ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ သန်းနဲ့ချီ တွေ့ရတဲ့နိုင်ငံ သုံးနိုင်ငံအထိ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယတစ်ဝှမ်းမှာ ကူးစက်မှုတွေကို စစ်ဆေးထိန်းချုပ်ရန် ရုန်းကန်နေရပြီး လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ လူဦးရေ သန်းနဲ့ချီ COVID-19 ကူးစက်ခံတဲ့ နောက်ထပ် နှစ်နိုင်ငံကတော့ အမေရိကန်မှာ ကူးစက်ခံရသူ ၃.၆ သန်းကျော်နဲ့ ဘရာဇီးမှာ ၂ သန်းကျော် စစ်ဆေးတွေ့ရှိထားပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေအနီအဖွဲ့က တောင်အာရှဒေဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာအသစ် ဖြစ်လာနေကြောင်း သတိပေးခဲ့ပါတယ်။

(Photo: Reuters)

ကမ္ဘာတစ်ဝှမ်းမှာလည်း COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် နိုင်ငံအများအပြားမှာ ပိတ်ပင်ကန့်သတ်မှုတွေ ရုပ်သိမ်းမယ့်အစီအစဥ်ကို ဆိုင်းငံ့ထားပြီး အိန္ဒိယအပါအဝင် နိုင်ငံအချို့မှာတော့ lockdown ပြန်သတ်မှတ်မှုတွေ ရှိလာပါတယ်။ အရှေ့တောင်အာရှဒေသမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ ဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေက တင်းကျပ်တဲ့ ကျန်းမာရေးကြိုတင်ကာကွယ်မှုများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကမ္ဘာတစ်ဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ အခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးထားခဲ့ပါတယ်။

(Photo: MoHS COVID-19 Dashboard screengrab)

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၃၉ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၇၁ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၁၇ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၉၉,၃၀၂ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၄၅၅ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က