COVID-19 ကူးစက်ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေကွေးသွားတဲ့ လက္ခဏာမရှိသေးပါဘူး။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇူလိုင် ၂၅ ရက် ညပိုင်းမှာ ၁၆ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လနီးပါးအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၆ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၆၄၄,၄၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ 



ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာ ကူးစက်ခံရသူ ၁၅ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ဇူလိုင် ၁၇ ရက်နေ့မှာ ၅၁၈,၀၀၀ ကျော်မှ ၄ ရက်အတွင်း ၂၆,၄၀၀ ကျော်တိုးလာခဲ့ပါတယ်။

(Photo: MediaCorp/CNA)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇူလိုင် ၂၄ ရက် ထုတ်ပြန်မှုအရ ကမ္ဘာတစ်ဝန်းမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVI-19 ကူးစက်ခံရသူ ၂၈၄,၁၉၆ ဦး တိုးလာခဲ့ပြီး နေ့အလိုက် အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့မှာ ကူးစက်မှုအသစ်များ သိသိသာသာ တိုးလာနေခဲ့ပါတယ်။

WHO ရဲ့ ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်အရ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ကမ္ဘာတစ်ဝန်းမှာ ၉,၇၅၃ ဦး တိုးလာခဲ့ပြီး ဧပြီ ၃၀ ရက်နေ့က သေဆုံးသူ ၉,၇၉၇ ဦး တိုးလာခဲ့မှုနောက်ပိုင်း တစ်ရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်လာပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယတို့ဟာ ကူးစက်မှု သန်းနဲ့ချီ တွေ့ရတဲ့နိုင်ငံ သုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

(Photo: Reuters)

အမေရိကန်မှာ ကူးစက်ခံရသူ ၄.၂ သန်းကျော်၊ ဘရာဇီးမှာ ၂.၃ သန်းကျော်နဲ့ အိန္ဒိယမှာ ၁.၃ သန်းကျော် စစ်ဆေးအတည်ပြုထားပါတယ်။ COVID-19 သေဆုံးမှုမှာတော့ အမေရိကန်ဟာ အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ လူ ၁၄၈,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဘရာဇီးက သေဆုံးမှုအများဆုံး ဒုတိယမြောက် နိုင်ငံဖြစ်ပြီး လူဦးရေ ၈၅,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာလည်း COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် နိုင်ငံအများအပြားမှာ ပိတ်ပင်ကန့်သတ်မှုတွေ ရုပ်သိမ်းမယ့်အစီအစဥ်ကို ဆိုင်းငံ့ထားပြီး အိန္ဒိယအပါအဝင် နိုင်ငံအချို့မှာတော့ lockdown ပြန်သတ်မှတ်မှုတွေ ရှိလာပါတယ်။ COVID-19 ကူးစက်မှုကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း ယနေ့ ထုတ်ပြန်မှုအရ ကူးစက်ခံရသူ နောက်ထပ် ၁၁၃ ဦး တွေ့ရှိခဲ့ရပြီး လေးလနီးပါးအတွင်း နေ့အလိုက် ကူးစက်မှုအသစ် အများဆုံး ဖြစ်လာကြောင်း သိရပါတယ်။

(Photo: AFP)

အရှေ့တောင်အာရှမှ ဗီယက်နမ်နိုင်ငံမှာလည်း သုံးလကြာ ကူးစက်မှုအသစ် မတွေ့ရှိရတော့ရာမှ ပထမဆုံးအကြိမ် ကူးစက်ခံရသူတစ်ဦး ပြန်တွေ့လာရကြောင်း အစိုးရက ယနေ့ အတည်ပြု ပြောကြားပါတယ်။ ဗီယက်နမ်အလယ်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသွားတွေကြား ထင်ရှားကျော်ကြားတဲ့ ဒါနန်းမြို့မှာ COVID-19 ကူးစက်မှုအသစ် တွေ့ခဲ့ရတာဖြစ်ပါတယ်။

COVID-19 ကူးစက်ဖြစ်ပွားမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေကွေးသွားတဲ့ လက္ခဏာမရှိသေးဘဲ အမေရိကန်နဲ့ တောင်အမေရိကမှာ ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေကြောင်း တရားဝင် အချက်အလက်တွေကို အခြေခံထားတဲ့ လတ်တလော Reuters သတင်းဌာနရဲ့စာရင်းက ဖော်ပြပါတယ်။ အရှေ့တောင်အာရှဒေသမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ ဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

(Image: MoHS COVID-19 Dashboard screengrab)

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၄၈ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၈၈ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၂၅ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၀၉,၃၃၄ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၆၅၈ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က