၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဇူလိုင် ၂၁ ရက် ညဥ့်နက်ပိုင်းမှာ ၁၅ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လနီးပါးအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၅ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၆၁၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ 



ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ ကူးစက်ခံရသူ ၁၄ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ဇူလိုင် ၁၇ ရက်နေ့မှာ ၅၉၅,၀၀၀ ကျော်မှ ၄ ရက်အတွင်း ၂၃,၀၀၀ ကျော်တိုးလာခဲ့ပါတယ်။

(Photo: AFP)

ထိုအတောအတွင်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်မှာ ကူးစက်ခံရသူ ၄ သန်းကျော်လွန်လာခဲ့ပြီး သေဆုံးသူ ၁၄၄,၀၀၀ ကျော်ရှိလာခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှု သန်းနဲ့ချီ တွေ့ရတဲ့နိုင်ငံ သုံးနိုင်ငံ ရှိလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူဦးရေ သန်းနဲ့ချီ COVID-19 ကူးစက်ခံတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်ပြီးပါက ဘရာဇီးမှာ ၂.၁ သန်းကျော်နဲ့ အိန္ဒိယမှာ ၁.၁ သန်းကျော် ကူးစက်မှုများ တွေ့ရှိထားပါတယ်။ COVID-19 ကြောင့် သေဆုံးမှု အများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ဇူလိုင် ၂၀ ရက် ထုတ်ပြန်မှုအရ သေဆုံးသူ ၈၀,၀၀၀ ကျော်လွန်လာခဲ့ပါတယ်။

(Photo: Reuters)

ကူးစက်မှုတွေ လတ်တလော မြင့်တက်နေတဲ့ အမေရိကန်နိုင်ငံမှ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဇူလိုင် ၂၁ ရက် စာရင်းတွေအရ ကူးစက်ခံရသူ ၄၀၀,၀၀၀ ကျော်ရှိလာခဲ့ပြီး နယူးယော့ခ်ပြီးပါက ဒုတိယ ကူးစက်မှုအများဆုံး ပြည်နယ်ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း COVID-19 ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာမှုကြောင့် နိုင်ငံအများအပြားမှာ ပိတ်ပင်ကန့်သတ်မှုတွေ ရုပ်သိမ်းမယ့်အစီအစဥ်ကို ဆိုင်းငံ့ထားပြီး အိန္ဒိယအပါအဝင် နိုင်ငံအချို့မှာတော့ lockdown ပြန်သတ်မှတ်မှုတွေ ရှိလာပါတယ်။

ပြင်သစ်နိုင်ငံမှာလည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်တဲ့ ဘတ်စ်ကားနဲ့ ရထားပေါ်မှာသာ မဟုတ်ဘဲ ဈေးဆိုင်ကဲ့သို့ နေရာတွေမှာလည်း mask တပ်ထားရန် စည်းမျဥ်းညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုတွေ ပြန်မြင့်တက်နေခဲ့တဲ့ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာတော့ ကူးစက်မှုအခြေအနေကို ထိန်းချုပ်ရန် သီတင်းပတ်များ ကြာလိမ့်မယ်လို့ သတိပေးထားပါတယ်။

(Photo: MediaCorp/CNA)

အရှေ့အလယ်ပိုင်းဒေသမှ အီရန်နိုင်ငံမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ပြန်လည်မြင့်တက်နေပြီး ဇူလိုင် ၂၁ ရက် ထုတ်ပြန်မှုအရ COVID-19 ကြောင့် နောက်ထပ် လူ ၂၂၉ ဦး သေဆုံးပြီး တစ်ရက်အတွင်း အများဆုံး စံချိန်တင်ခဲ့ပါတယ်။ အီရန်မှာ ကူးစက်မှုနဲ့သေဆုံးမှုတွေ ပြန်မြင့်တက်လာမှုတာကြောင့် အာဏာပိုင်တွေက အများပြည်သူဆိုင်ရာ အဆောက်အအုံများအတွင်း စည်းမျဥ်းဥပဒေအရ မဖြစ်မနေ mask တပ်ထားရန်နဲ့ တီဟီရန်အပါအဝင် အဆိုးဆုံးဖြစ်ပွားတဲ့ နေရာဒေသတွေမှာ တင်းကျပ်တဲ့ စီမံဆောင်ရွက်ချက်များ ပြန်လည်သတ်မှတ်စေခဲ့ပါတယ်။

COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ နေရာအများစုမှာ ကူးစက်မှုတွေကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် ကူးစက်မှုအန္တရယ်နည်းတဲ့ ဧရိယာအတွင်း ရုပ်ရှင်ရုံများ ပြန်ဖွင့်နေပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် အပြင်းအထန် ကြိုးပမ်းနေကြပြီး ဇူလိုင် ၂၀ ရက်နေ့က ကာကွယ်ဆေး သုံးမျိုးရဲ့ စမ်းသပ်မှု အစောပိုင်းရလဒ်တွေကို ထုတ်ပြန်ခဲ့ရာ ဘေးအန္တရာယ်ကင်းပြီး ကိုယ်ခံစွမ်းအားတုံပြန်မှု ဖြစ်ပေါ်စေခဲ့တဲ့ အလားအလာကောင်းများ တွေ့ခဲ့ရပါတယ်။

အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး၊ တရုတ်စစ်တပ်သုတေသနဌာနဲ့ CanSinoBiologics တို့ရဲ့ ထုတ်လုပ်တဲ့ ကာကွယ်ဆေး၊ ဂျာမန် ဇီဝနည်းပညာကုမ္ပဏီ BioNTech နဲ့ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေရဲ့ စမ်းသပ်မှု အစောပိုင်းရလဒ်တွေ ကောင်းမွန်ခဲ့ကြောင်း သိရပါတယ်။

(Image: MoHS COVID-19 Dashboard screengrab)

အရှေ့တောင်အာရှဒေသမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ နေ့စဥ် တိုးလာနေဆဲဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ဟာ ဒေသတွင်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၄၁ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၂၈၀ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင် ၂၁ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၀၄,၈၇၄ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၅၆၂ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က