၇ လကျော်အတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၉ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဩဂုတ် ၆ ရက်နေ့မှာ ၁၉ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၇ လကျော်အတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၁၉ သန်းကျော်အထိကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၇၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၂ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက် မနက်အစောပိုင်းမှာ ကူးစက်ခံရသူ ၁၈ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၅ ရက်အတွင်းမှာ နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၂ ရက်နေ့မှာ ၆၈၈,၀၀၀ ကျော်မှ ၅ ရက်အတွင်း ၂၅,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AFP)

အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှား၊ မက္ကစီကို၊ တောင်အာဖရိက အစရှိတဲ့နိုင်ငံတွေမှာ ကူးစက်မှုအသစ်များ သိသိသာသာ မြင့်တက်နေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရက် ၂၀ အတွင်း ကူးစက်ခံရသူ နောက်ထပ် ကူးစက်ခံသူ ၁ သန်းကျော် တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၂ သန်းကျော်လွန်သွားပြီ ဖြစ်ပါတယ်။

ယခုအခါ ကမ္ဘာတစ်ဝန်း ကူးစက်မှု ၂ သန်းနဲ့အထက်ရှိတဲ့ နိုင်ငံများအဖြစ် အမေရိကန်မှာ ၅ သန်းနီးပါး (၄.၉၉ သန်း)၊ ဘရာဇီးမှာ ၂.၈၇ သန်းနဲ့ အိန္ဒိယမှာ ၂ သန်းကျော် အသီးသီး တွေ့ရှိထားပါတယ်။ COVID-19 ကြောင့် သေဆုံးမှုအများဆုံး ငါးနိုင်ငံအဖြစ် အမေရိကန်မှာ လူ ၁၆၂,၀၀၀ ကျော်၊ ဘရာဇီးမှာ ၉၇,၀၀၀ ကျော်၊ မက္ကစီကိုမှာ ၄၉,၀၀၀ ကျော်၊ ဗြိတိန်မှာ ၄၆,၀၀၀ ကျော်နဲ့ အိန္ဒိယမှာ ၄၁,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝန်း နှေးကွေးသွားတဲ့လက္ခဏာ မရှိသေးဘဲ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဇူလိုင် ၂၇ ရက်မှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုဟာ ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း WHO က ဩဂုတ် ၁ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။ WHO ရဲ့ အရေးပေါ်ကော်မတီက ကပ်ရောဂါအခြေအနေကို တွက်ဆသုံးသပ်ရန် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားမှု ကာလရှည်ကြာနိုင်ဖွယ်ရှိကြောင်း WHO က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

(Image: MoHS webpage screengrab)

အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေပြီး ယခုအခါ ဖိလစ်ပိုင်က အင်ဒိုနီးရှားကို ကျော်လွန်ပြီး ဒေသတွင်း ကူးစက်မှုအများဆုံး နိုင်ငံဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၆ ရက် ည ၈ နာရီအချိန်အထိ နောက်ဆုံး ထုတ်ပြန်ထားမှုအရ COVID-19 အတည်ပြုလူနာ ၃၅၇ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၃၀၈ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၈ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၂၂,၂၉၀ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၆,၈၈၉ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က