ထိပ်သီးဆွေးနွေးပွဲဟာ မူလသတ်မှတ်ထားချိန်ထက် စောလျင်စွာ ပြီးဆုံးခဲ့ပါတယ်။

ဗီယက်နမ်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲဟာ သဘောတူညီချက်မရရှိဘဲ ယနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) ပြီးဆုံးသွားခဲ့ပါတယ်။

(ထရန့်နဲ့ကင်မ်ဂျုံအန် ဖေဖေါ်ဝါရီ ၂၈ ရက်မှာ တွေ့ဆုံမှု) (Photo: Saul Lobe/AFP/Getty Images)

မြောက်ကိုရီးယားက အရေးယူပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပယ်ဖျက်ပေးရန် တောင်းဆိုမှုကို အမေရိကန်က ငြင်းပယ်ခဲ့ပြီးနောက် သဘောတူညီမှုမရရှိဘဲ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့တယ်လို့ အမေရိကန်သမ္မတထရန့်က ပြောခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။ "ဒါက အရေးယူပိတ်ဆို့မှုကိစ္စပါပဲ၊ သူတို့က အရေးယူပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးစေချင်ပါတယ်၊ ကျွန်တော်တို့ ဒီလို မလုပ်နိုင်ပါဘူး" လို့ ထရန့်က ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကင်မ်ဂျုံအန်နဲ့ တတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းမရှိကြောင်းလည်း သတင်းစာရှင်လင်းပွဲမှာ ထရန့် ဖြေကြားသွားခဲ့ပါတယ်။ ယခု ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာတော့ ၎င်းတို့နှစ်ဦးက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး တိုးတက်ဖြစ်ထွန်းကို ကြေညာနိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

(ဟနွိုင်းမြို့ရှိ ဟိုတယ်ဝင်းအတွင်း တွေ့ရသည့် ထရန့်နဲ့ကင်မ်ဂျုံအန်) (Photo: CGTN)

မူလက ထရန့်နဲ့ကင်မ်ဂျုံအန်တို့ဟာ ယနေ့ဆွေးနွေးမှုအပြီးမှာ ပူးတွဲသဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားပြုလုပ်ရန် စီစဉ်ထားခဲ့ပါတယ်။ ဒါ့အပြင် မနက်ပိုင်း ဆွေးနွေးမှုများအပြီး အလုပ်သဘော နေ့လယ်စာကို အတူတကွ သုံးဆောင်ကြရန်လည်း စီစဉ်ထားခဲ့ပေမဲ့ အဆိုပါ အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ပြီး ထိပ်သီးဆွေးနွေးပွဲဟာလည်း မူလသတ်မှတ်ထားမှုထက် စောလျင်စွာပြီးဆုံးခဲ့ပါတယ်။

သမ္မတထရန့်ရဲ့ အဆိုအရ ၎င်းအနေနဲ့ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်ရဲ့ အဓိကနေရာဖြစ်တဲ့ Yongbyon သုတေသနနဲ့ ထုတ်လုပ်ရေးအဆောက်အအုံ နေရာအားလုံးကို ဖျက်သိမ်းရန် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

(Yongbyun တည်နေရာပြမြေပုံ) (Map and Source: 38 North/AFP)

သို့သော် ကင်မ်ဂျုံအန်က ထိုသို့ ဖျက်သိမ်းပေးပါက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြောင်းနဲ့ ထိုကိစ္စကို အမေရိကန်က ကမ်းလှမ်းရန် ပြင်ဆင်ထာခဲ့ခြင်း မရှိဘူးလို့ ထရန့်က ပြောပါတယ်။ ယနေ့မနက် အစောပိုင်းမှာတော့ ထရန့်နဲ့ကင်မ်က သတင်းထောက်တွေကို အတူတကွ တွေ့ဆုံခဲ့ကြသေးပြီး နှစ်ဦးလုံးဟာ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိတဲ့ ပုံစံမျိုးမြင်တွေ့ခဲ့ကြရပါတယ်။

သတင်းထောက်တွေက နျူကလီးယားလက်နက်ဖျက်သိမ်းရန် အဆင်သင့်ဖြစ်ခြင်းရှိ မရှိ မေးမြန်းခဲ့ရာမှာလည်း ကင်မ်ဂျုံအန်က "တစ်ကယ်လို့ ကျွန်တော် အဆင်သင့်မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော် ဒီမှာ ဘယ်ရှိနေမလဲ" လို့ ကင်မ်ဂျုံအန်က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ကင်မ်ဂျုံအန်က ထိုသို့ ဖြေကြားခဲ့မှုအပေါ် ထရန့်က "ခင်ဗျား ဖြေခဲ့ဖူးသမျှတွေထဲ ဒီအဖြေက အကောင်းဆုံးပဲ" လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

(ဟနွိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် သမ္မတထရန့်) (Photo: CNN)

ထရန့်နဲ့ကင်မ်တို့ဟာ စင်ကာပူမှာ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုအပြီး ၈ လအကြာမှာ နောက်တစ်ကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။ စင်ကာပူ ထိပ်သီးတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

စင်ကာပူ ထိပ်သီးဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေ ရရှိထားခဲ့ပါတယ်။ သို့သော် အဆိုပါ သဘောတူညီချက်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်များဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကြရာမှာတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

(ဖေဖေါ်ဝါရီ ၂၇ ရက် ညစာစားပွဲမှာ တွေ့ရသည့် ထရန့်နဲ့ကင်မ်ဂျုံအန်) (Photo: The White House)

ထိုကြောင့်လည်း ကင်မ်ဂျုံအန်နဲ့ထရန့်တို့ကို ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဗီယက်နမ် ထိပ်သီးတွေ့ဆုံမှုအတွင်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး တိုးတက်မှုအခြေအနေနဲ့ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း တရားဝင် ကြေညာချက်တို့ကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ ခန့်မှန်းမျှော်လင့်ထားခဲ့ကြပေမဲ့ လက်တွ့မှာတော့ သဘောတူညီချက် မရရှိဘဲ ပြီးဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က