Ko John

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းကယ်လီဖိုးနီးယားဒေသရှိ မြို့နှစ်မြို့မှာ အမျိုးသားတစ်ဦးက ၎င်းဖြတ်သန်းသွားရာ နေရာများတစ်လျှောက် ဓားဖြင့် အကြမ်းဖက်တိုက်ခိုက် လုယက်ခဲ့မှုတွေကြောင့် လူလေးဦး သေဆုံးပြီး အခြား လူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။

(အကြမ်းဖက်သူကို ဖမ်းဆီးရမိခဲ့သည့် 7-Eleven စတိုးဆိုင်နေရာ) (Photo: AP)

နှစ်နာရီကြာ စိတ်လွတ်လက်လွတ် အကြမ်းဖက်ခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် အဆိုပါ အမျိုးသားကို ကယ်လီဖိုးနီးယားပြည်နယ် စန်တာအန်နာမြို့ရှိ 7-Eleven စတိုးဆိုင်တစ်ဆိုင်မှာ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ (သြဂုတ် ၇ ရက်) ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ Daily Mail သတင်းက ပြောပါတယ်။

ရဲတပ်ဖွဲ့က အမေရကန်မီဒီယာတွေကို ပြောကြားမှုအရ ယခုအကြမ်းဖက်မှုဟာ ကြုံရာလူကို လုပ်ဆောင်ခဲ့ပုံရပြီး နှစ်နာရီကြာခဲ့တဲ့ အကြမ်းဖက်မှုလုပ်ရပ်ဟာ လုယက်မှု၊ မုန်တီးမှုနဲ့ လူသတ်မှု ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်လို့ ကနဦး သိရှိရပါတယ်။ အကြမ်းဖက်ခဲ့တဲ့ အမျိုးသားဟာ ဇာချရီ ကက်စ်တာနီဒါ (Zachary Castaneda) ဆိုသူဖြစ်ပြီး ၎င်းဟာ လူဆိုးဂိုဏ်းဝင်တစ်ဦး ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းဟာ ယခင်က အကြမ်းဖက်ရာဇဝတ်ပြစ်မှု မှတ်တမ်းရှိခဲ့ပြီး ထောင်ကျဖူးသူလည်း ဖြစ်ပါတယ်။

(အကြမ်းသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ်) (Photo: KTLA/Onscene TV)

ရဲအရာရှိတွေက 7-Eleven စတိုးဆိုင်မှာ ဝိုင်းဝန်းဖမ်းဆီးစဉ် ထိုအမျိုးသားက ဓားတစ်လက်နဲ့ သေနတ်တစ်လက်ကို ကိုင်ဆောင်ထားခဲ့ပါတယ်။ 7-Eleven စတိုးဆိုင် လုံခြုံရေးအစောင့်တစ်ဦးကို သတ်ခဲ့ပြီးနောက် ၎င်းရဲ့သေနတ်ကို ယူဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အကြမ်းဖက်တဲ့ အမျိုးသားဟာ ဂါဒင်းဂရို့ဗ်မြို့နဲ့ စန်တာအန်နာမြို့တို့ရှိ နေရာဒါဇင်ဝက်ကျော်မှာ ဓားဖြင့်အကြမ်းဖက် လုယက်ခဲ့ပြီး ၎င်းရဲ့ လူနေတိုက်ခန်းတွဲမှာ အမျိုးသားနှစ်ဦးကို သတ်ခဲ့တယ်လို့ သိရပါတယ်။ ထို့အတူ 7-Eleven စတိုးဆိုင် လုံခြုံရေးအစောင့်တစ်ဦးနဲ့ Subway စားသောက်ဆိုင်မှာ အမျိုးသားဝန်ထမ်းတစ်ဦးကိုလည်း သတ်ခဲ့တယ်လို့ ဆိုပါတယ်။

(သတင်းစာရှင်းလင်းပွဲမှာ ပြသထားသည့် အကြမ်းဖက်သူ၏ ဓာတ်ပုံ) (Photo: KTLA/Onscene TV)

ဒါ့အပြင် ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးနဲ့ ဂက်စ်အရောင်းဆိုင်းမှ ဂက်စ်ဖြည့်သူ အမျိုးသားတစ်ဦးတို့လည်း အကြမ်းဖက်တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဂက်စ်ဖြည့်သူဟာ ဓားဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် နှာခေါင်းပြတ်လုမတတ် ဖြစ်ခဲ့ပါတယ်။ လော့စ်အိန်ဂျလိမြို့ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ စန်တာအန်နာမြို့မှာ သြဂုတ် ၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ အကြမ်းဖက်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

(နှာခေါင်းပြတ်လုမတတ် ဒဏ်ရာရခဲ့သူ) (Photo: KTLA/Onscene TV)

အမေရိကန်မှာ သြဂုတ် ၃ ရက်နေ့ကလည်း တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့ရှိ Walmart စတိုးဆိုင်မှာ လူမျိုးရေးမုန်းတီးမှုကြောင့် အသက် ၂၁ နှစ်အရွယ် ပက်ထရစ် ခရူစီးယပ်စ် (Patrick Crusius) အမည်ရှိ အမျိုးသားက AK-47 ချေမှုန်းရေး ရိုင်ဖယ်သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

ထိုပစ်ခတ်မှုဖြစ်ပွားပြီး ၂၄ နာရီမပြည့်မီမှာပင် အိုင်ဟိုင်းယိုပြည်နယ် ဒေတန်မြို့လယ်ရှိ ဘားဆိုင်တစ်ဆိုင်နေရာမှာ ကွန်နာဘတ်စ် (Connor Betts) အမည်ရှိ သေနတ်သမားက .223-carlibre အမျိုးအစား ချေမှုန်းရေးရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ၎င်းရဲ့ညီမဖြစ်သူ အပါအဝင် လူကိုးဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမာ ကွန်နာဘတ်စ်ကိုတော့ ရဲတပ်ဖွဲ့အရာရှိတွေက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

(အကြမ်းဖက်သူ ကိုင်ဆောင်ခဲ့သည့် ဓားတစ်လက်) (Photo: KTLA/Onscene TV)

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် ဒေသစံတော်ချိန် ညနေပိုင်းကလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပပြုလုပ်တဲ့ Gilroy Garlic Festival အစားအစာပွဲတော်မှာ အသက် ၁၉ နှစ်အရွယ် သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် ခြောက်နှစ်သား ကလေးငယ်နဲ့ သေနတ်သမား အပါအဝင် လူလေးဦး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်မှာ သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ခဲ့တဲ့ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါတယ်။ ကနဦးမှာတော့ သေနတ်သမားကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Source: AP, BBC, CBS, CNN


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က