သေဆုံးခဲ့သူတွေဟာ အရပ်သား ကျွမ်းကျင်ပညာရှင်တွေဖြစ်ပါတယ်။

ရုရှားနိုင်ငံမြောက်ပိုင်း စစ်ဘက် စမ်းသပ်စခန်းတစ်ခုမှာ ဒုံးကျည်အင်ဂျင်တစ်ခု ပေါက်ကွဲခဲ့မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အချိန်ကာလတို ရေဒီယိုသတ္တိကြွမှု မြင့်တက်ခဲ့ကြာင်း သိရပါတယ်။

(ရုရှား ခရုစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတစ်ခု) (Photo: Russian Defence Ministary)

သြဂုတ် ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒုံးကျည်အင်ဂျင်ပေါက်ကွဲမှုကြောင့် လူခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မီဒီယာတွေကို ပြောပါတယ်။ Arkhangelsk ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဒုံးကျည်အင်ဂျင်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူတွေဟာ အရပ်သား ကျွမ်းကျင်ပညာရှင်တွေဖြစ်ပြီး ဒဏ်ရာရခဲ့သူတွေအနက် စစ်ဘက်နဲ့အရပ်ဘက် အမှုထမ်းတွေပါဝင်ခဲ့ပါတယ်။



"Severodvinsk မြို့မှာ ရေဒီယိုသတ္တိကြွမှု မြင့်တက်နေခဲ့တာ တိုင်းတာသိရှိခဲ့ရပါတယ်" လို့ အဆိုပါမြို့ အာဏာပိုင်အဖွဲ့မှ ပြောခွင့်ရအမျိုးသား Ksenia Yudina က ပြောကြားကြောင်း ရုရှားသတင်းဌာနက TASS က ဖော်ပြပါတယ်။ နောက်ပိုင်းမှာတော့ ရေဒီယိုသတ္တိကြွမှု အခြေအနေ ပုံမှန်ဖြစ်သွားခဲ့ကြောင်း မြို့အာဏာပိုင်တွေက ပြောခဲ့ပါယ်။

(Nyonoksa အနီးရှိ ရုရှားစစ်စခန်းမှ အဆောက်အအုံများ) (Photo: AFP/Getty Images)

အဆိုပါမြို့မှာ မနက် ၁၁း၅၀ မှ မွန်းလွဲ ၁၂း၃၀ ရေဒီယိုသတ္တိကြွမှု မြင့်တက်ခဲ့ကြောင်းနဲ့ ထို့နောက် ပြန်လျော့ကျသွားခဲ့ပြီး မွန်းလွဲ ၂ နာရီမှာ ပုံမှန်အခြေအနေ ပြန်ဖြစ်ခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။ ၂၀၁၇ ခုနှစ် နှစ်စပိုင်း စာရင်းတွေအရ Severodvinsk မြို့ရဲ့ လူဦးရေဟာ ၁၈၅,၀၀၀ ရှိကြောင်း အစိုးရစာရင်းတွေအရ သိရပါတယ်။

ဒုံးကျည်အင်ဂျင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ရေဒီယိုသတ္တိကြွမှုဟာ ပုံမှန်အဆင့်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတးနေ့ (သြဂုတ် ၈ ရက်) အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။ ဒုံးကျည်အင်ဂျင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါနေရာအနီး ပင်လယ်ဖြူ (White Sea) အတွင်း သင်္ဘောများသွားလာမှုကို အာဏာပိုင်တွေက တစ်လကြာ ပိတ်ပင်လိုက်ကြောင်းလည်း သိရပါတယ်။

(Infographic: The Sun)

"ဓာတ်ငွေ့ရည်သုံး ဂျက်အင်ဂျင်တစ်ခု စမ်းသပ်မှုအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့ပါတယ်၊ ဒီမတော်တဆမှုကြောင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းခြောက်ဦးနဲ့ ကျွမ်းကျင်သူတစ်ဦး ဒဏ်ရာရခဲ့ပါတယ်၊ ကျွမ်းကျင်သူနှစ်ဦးကတော့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်" လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားဒုံးပျံအင်ဂျင် ပေါက်ကွဲမှုဟာ Arkhangelsk ဒေသ Nyonoksa ကျေးရွာအနီးရှိ လက်နက်စမ်းသပ်စခန်းနေရာမှာ ဖြစ်ပွားခဲ့ကြောင်း Interfax သတင်းဌာနက အမည်မဖော်တဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ရုရှားမီဒီယာတွေရဲ့ အဆိုအရ Nyonoksa ကျေးရွာအနီးရှိ နေရာကို ရုရှားရေတပ်က အသုံးပြုတဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ခရုစ်ဒုံးကျည်များ အပါအဝင် လက်နက်စမ်းသပ်မှုတွေအတွက် အသုံးပြုကြောင်း သိရပါတယ်။

(သြဂုတ် ၅ ရက်နေ့က လက်နက်တိုက် ပေါက်ကွဲမီးလောင်မှု) (Photo: Getty Images)

ယခု ဒုံးကျည်အင်ဂျင်ပေါက်ကွဲမှုဟာ ရုရှားစစ်တပ်မှာ တစ်ပတ်မပြည့်မီ ဒုတိယအကြိမ် ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုလည်း ဖြစ်လာပါတယ်။ တနင်္လာနေ့ (သြဂုတ် ၅ ရက်) ကလည်း ဆိုက်ဘေးရီးယားဒေသရှိ ရုရှားစစ်တပ် လက်နက်သိုလှောင်ရုံမှာ ပေါက်ကွဲမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားလူရှစ်ဦး ဒဏ်ရာရခဲ့ကာ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ထောင်နဲ့ချီ ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကလည်း ရုရှားရေတပ်မှ သုတေသနလုပ်ငန်းသုံး ရေငုပ်သင်္ဘော (submersible) တစ်စီး အာတိတ်သမုဒ္ဒရာအတွင်း ရုရှားရေပြင်ပိုင်နက်မှာ သုတေသနလုပ်ငန်းများ လုပ်ဆောင်နေစဉ် မီးလောင်မှုဖြစ်ခဲ့ရာ လိုက်ပါသွားတဲ့ အမှုထမ်း ၁၄ ဦးလုံး သေဆုံးခဲ့ပါတယ်။

Share

Loading Next Article...
က္က