ကာကွယ်ဆေး အတည်ပြုချက်ရရှိရန် ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း နောက်ဆုံးအဆင့် စမ်းသပ်မှုများ စတင်နေပြီ ဖြစ်ပါတယ်။
Ko John

ဇီဝနည်းပညာကုမ္ပဏီ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ယခုနှစ်ကုန်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် အသင့်ဖြစ်နိုင်မယ်လို့ အမေရိကန်အစိုးရနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက ယနေ့ (ဇူလိုင် ၂၈ ရက်) ပြောပါတယ်။

(Photo: Getty Images)

ကာကွယ်ဆေးကို အတည်ပြုချက်ရရှိရန် ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း လူ ၃၀,၀၀၀ ဖြင့် နောက်ဆုံးအဆင့် စမ်းသပ်မှုများ စတင်နေပြီလို့ Moderna က ကြေညာခဲ့ပြီးနောက် ယခုပြောကြားမှု ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ကာကွယ်ဆေး အဆင့်သင့်ဖြစ်နိုင်မှု သတင်းနဲ့အတူ Moderna ရဲ့ ရှယ်ယာတန်ဖိုးဟာလည်း ၇.၅ ရာခိုင်နှုန်း မြင့်တက်သွားကြောင်း သိရပါတယ်။



ကာကွယ်ဆေးတစ်မျိုးကို ဈေးကွက်မှာ တင်ပို့ရောင်းချခဲ့ဖူးခြင်း မရှိသေးတဲ့ Moderna ဟာ အမေရိကန်အစိုးရထံမှ ဒေါ်လာ ၁ ဘီလီယံနီးပါး လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရက COVID-19 ကပ်ရောဂါ အဆုံးသတ်ရေးမှာ ထိရောက်တဲ့ ကာကွယ်ဆေးတစ်ခုက အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။

(Photo: The Washington Post)

ကမ္ဘာတစ်ဝန်းမှာ COVID-19 ကာကွယ်ဆေး ၁၅၀ ကျော်ကို အပြိုင်အဆိုင် ထုတ်လုပ်နေကြပြီး ၎င်းတို့အနက် နှစ်ဒါဇင်ခန့်ကို လူတွေမှာ စမ်းသပ်မှုတွေ လုပ်ဆောင်ထားပါတယ်။ Pfizer နဲ့ Johnson & Johnson တို့က ယခုလအတွင်း ၎င်းတို့ရဲ့ ကာကွယ်ဆေးကို လူတွေမှာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

ထို့အတူ ဗြိတိန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca နဲ့ အောက်စ်ဖို့တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကိုလည်း ယခုနှစ် နွေရာသီအတွင်း အမေရိကန်မှာ လူအများအပြားကို ထိုးနှံစမ်းသပ်သွားမယ်လို့ သိရပါတယ်။ Moderna က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို လူတွေနဲ့ အစောပိုင်းအဆင့် စမ်းသပ်မှုအတွင်း ပါဝင်ခဲ့သူ ၄၅ ဦးလုံးထံမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းများ ထွက်ရှိလာစေခဲ့ကြောင်း ဇူလိုင် ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

(Photo: AFP)

"ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတစ်ခုကို ၂၀၂၀ ခုနှစ် နှစ်ကုန်မှာ ဖြန့်ဖြူးဖို့က အစွမ်းကုန်ကြိုးပမ်းနေတဲ့ ရည်မှန်းချက်ပန်းတိုင်ပါ၊ ဒါပေမဲ့ ဒါက အမေရိကန်ပြည်သူတွေအတွက် မှန်ကန်တဲ့ ပန်းတိုင်ဖြစ်ပါတယ်" လို့ National Institutes of Health (NIH) ညွှန်ကြားရေးမှူး ဖရန်စစ်ကောလင်းစ်က Moderna ကာကွယ်ဆေးရဲ့ လူအများအပြားပါဝင်တဲ့ တတိယအဆင့် စမ်းသပ်မှုစတင်ကြောင်း ကြေညာရာမှာ ပြောခဲ့ပါတယ်။

ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း အတည်ပြုချက်ရပါက Moderna က ကာကွယ်ဆေးအရေအတွက် သန်းပေါင်းများစွာ အဆင့်သင့်ရှိနိုင်ကြောင်းလည်း ကောလင်းစ်က ဆိုပါတယ်။ Moderna က တစ်နှစ်လျှင် COVID-19 ကာကွယ်ဆေး သန်း ၅၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ပြီး ၂၀၂၁ ခုနှစ်မှာ ၁ ဘီလီယံအထိ တိုးမြှင့်ထုတ်လုပ်နိုင်တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Stephane Bancel က ပြောပါတယ်။

(Photo: AFP)

လူအများအပြားနဲ့ တတိယအဆင့် စမ်းသပ်မှုဟာ Moderna ရဲ့ mRNA-1273 ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းမှုနဲ့ ဆေးနှစ်ကြိမ်ထိုးနှံပြီးနောက် COVID-19 ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်းရှိ မရှိ အကဲဖြတ်ရန် ဖြစ်တယ်လို့ သိရပါတယ်။ ကာကွယ်ဆေး တတိယအဆင့် စမ်းသပ်မှုမှာ ဘေးအန္တရာယ်ကင်းပြီး ထိရောက်တဲ့ ကာကွယ်မှုဖြစ်ကြောင်း ရလဒ်ထွက်ပေါ်ခဲ့ပါက အတည်ပြုချက်ရရှိနိုင်မယ်လို့ ဆိုပါတယ်။

COVID-19 ကပ်ရောဂါက လက်ရှိမှာ ကမ္ဘာတစ်ဝန်း လူဦးရေ ၁၆ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၆၅၀,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကနေ ပြန်လည်သက်သာသူ အရေအတွက် ၁၀ သန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရပိုင် ဆေးဝါးကုမ္ပဏီ China National Pharmaceutical Group (Sinopharm) ကလည်း ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အများပြည်သူအတွက် ထိုးနှံပေးရန် ယခုနှစ်ပိုင်းမှာ အသင့်ဖြစ်နိုင်ကြောင်း အစိုးရသတင်းဌာနက ဇူလိုင် ၂၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Ko John

    Editorial Advisor at Duwun


က္က