မူလက ၂၀၂၁ ခုနှစ်အတွင်း ရရှိလာနိုင်ကြောင်း ခန့်မှန်းထားချိန်ထက်စောပြီး အသင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရပိုင် ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို အများပြည်သူအတွက် ထိုးနှံပေးရန် ယခုနှစ်ပိုင်းမှာ အသင့်ဖြစ်နိုင်ကြောင်း အစိုးရသတင်းဌာနက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၂ ရက်) မှာ ဖော်ပြပါတယ်။

(Photo: Reuters)

China National Pharmaceutical Group (Sinopharm) ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို မူလက ၂၀၂၁ ခုနှစ်အတွင်း ရရှိလာနိုင်မယ်လို့ ခန့်မှန်းထားချိန်ထက်စောပြီး အသင့်ဖြစ်နိုင်ကြောင်း သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Sinopharm ဥက္ကဌ Sinopharm က အစိုးရ ရုပ်မြင်သံကြားသတင်းဌာန CCTV ကို ပြောကြားမှုအရ ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်မှု နောက်ဆုံးအဆင့်ဟာ သုံးလခန့်အတွင်း အပြီးသတ်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။



COVID-19 ကာကွယ်ဆေးနှစ်မျိုး စီမံကိန်းတွေကို တာဝန်ယူလုပ်ဆောင်နေတဲ့ Sinopharm ရဲ့ လက်အောက်ခံကုမ္ပဏီ China National Biotec Group (CNBG) က ကာကွယ်ဆေးဟာ အနည်းဆုံး ၂၀၂၁ ခုနှစ်အထိ အသင့်ဖြစ်နိုင်ဖွယ်မရှိကြောင်း ဇွန်လအတွင်း ပြောခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံအတွင်း COVID-19 ကူးစက်မှုအသစ် အရေအတွက်ဟာ ကာကွယ်ဆေးစမ်းသပ်မှု နောက်ဆုံးအဆင့် လုပ်ဆောင်ရန် လုံလောက်မှုမရှိတာကြောင့် CNBG က ကာကွယ်ဆေးတစ်ခု အသင့်ဖြစ်နိုင်မယ့် အချိန်ကာလကို ထိုသို့ ခန့်မှန်းထားခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Xinhua)

သို့သော် တရုတ်နိုင်ငံက ကာကွယ်ဆေးစမ်းသပ်မှု နောက်ဆုံးအဆင့်ကို ပြည်ပမှာ လုပ်ဆောင်နိုင်လာခဲ့ရာ ယခင်ခန့်မှန်းအချိန်ထက် ပိုစောပြီး ကာကွယ်ဆေးရရှိလာနိုင်မယ်လို့ ဆိုပါတယ်။ Sinopharm ရဲ့ COVID-19 ကာကွယ်ဆေးစမ်းသပ်မှုဟာ တတိယအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) မှာ လူဦးရေ ၁၅,၀၀၀ နဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ထို့အတူ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sinovac Biotech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကိုလည်း ဘရာဇီးနိုင်ငံမှာ ဇူလိုင် ၂၁ ရက်နေ့မှစပြီး တတိယအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ CanSino Biologics ကုမ္ပဏီနဲ့ တရုတ်စစ်တပ်သုတေသနဌာနတို့ ပူးပေါင်းထုတ်လုပ်ထားပြီး အလားအလာကောင်းတဲ့ နောက်ထပ် COVID-19 ကာကွယ်ဆေးတစ်ခုကိုလည်း တရုတ်ပြင်ပ နိုင်ငံတစ်နိုင်ငံမှာ တတိအဆင့် စမ်းသပ်မှုလုပ်ဆောင်နိုင်ရန် စီစဥ်နေကြောင်း သိရပါတယ်။

(Photo: WSJ)

ထိုအတောအတွင်း COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုဟာ ကောင်းမွန်တဲ့ အခြေအနေတိုးတက်မှုရှိနေပြီး ဆေးအချို့က နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းအထိ လက်တွေ့အသုံးပြုရန် မမျှော်လင့်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) မှ ကျွမ်းကျင်သူ ဒေါက်တာမိုက်ဘရိုင်ယန်က ဇူလိုင် ၂၂ ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

WHO ကျွမ်းကျင်သူရဲ့ ပြောကြားမှုနဲ့ ယခုနောက်ဆုံး တရုတ်အစိုးရပိုင် Sinopharm ကုမ္ပဏီရဲ့ ပြောကြားမှုတို့အရ ကာကွယ်ဆေးအသင့်ဖြစ်နိုင်တဲ့ အချိန်ခန့်မှန်းချက် ကွဲလွဲနေခဲ့ပြီး အမှန်တစ်ကယ် ကာကွယ်ဆေးတစ်မျိုး အတည်ပြုနိုင်မယ့်အချိန်ကို ဆက်လက် စောင့်မျှော်ရမှာပဲ ဖြစ်ပါတယ်။

(Photo: AFP)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကူးစက်မြန် ကပ်ရောဂါဟာ ခုနစ်လနီးပါးအတွင်း ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၁၅ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ထိုကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၆၃၂,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၉.၄ သန်းကျော်ရှိခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးတစ်မျိုး ထွက်ပေါ်လာရေး တစ်ကမ္ဘာလုံးက မျှော်လင့်နေကြပါတယ်။

Share

Loading Next Article...
က္က