မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ မြင့်တက်လာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (စက်တင်ဘာ ၂၇ ရက်) အစောပိုင်းမှာ ၃၃ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometer webpage screengrab)

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၉ လနီးပါးအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၃၃ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁ သန်းနီးပါး (၉၉၈,၈၀၀ ကျော်) သေဆုံးခဲ့ပြီး ၂၄.၄ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ အစောပိုင်းက ၃၂ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော် ၄ ရက်မပြည့်မီအတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ၉၈၁,၀၀၀ ကျော်မှ ၃ ရက်ကျော်အတွင်း ၁၇,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၃၃ သန်းကျော်အနက် ၇.၆ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၇.၂၈ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀၉,၀၀၀ ကျော်ရှိခဲ့ပါတယ်။

အမေရိကန် အလယ်ပိုင်းတစ်လျှောက်မှာ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေပြီး မင်နီဆိုးတား၊ မွန်တာနာ၊ တောင်ဒါကိုတာနဲ့ ဝစ်ကွန်ဆင် ပြည်နယ်တွေမှာ နေ့အလိုက်ကူးစက်မှု အသီးသီး စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပြီး ယခုအခါ COVID-19 ကူးစက်ခံရသူ ၅.၉ သန်း ကျော်နဲ့ သေဆုံးသူဦး ၉၄,၀၀၀ ကျော်ပြီဖြစ်ပါတယ်။

(Photo: Reuters)

အိန္ဒိယမှာ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေပေမဲ့ ယခင် ရက်များထက် ကူးစက်မှုအသစ် အရေအတွက် လျော့နည်းသွားခဲ့ပြီး အကျဘက်ကို ဦးတည်နေကြောင်း သိရပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၄.၇ သန်းကျော်နဲ့ သေဆုံးသူ ၁၄၁,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။

ထိုအတောအတွင်း ဗြိတိန်၊ ပြင်သစ်၊ စပိန် အပါအဝင် ဥရောပဒေသမှာ COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပါတယ်။ ဗြိတိန်မှာ ကူးစက်မှုအသစ်တွေ လျင်မြန်စွာ တိုးလာနေခဲ့ပြီး အစိုးရက ထိန်းချုပ်ကာကွယ်ရေး စည်းမျဥ်းကန့်သတ်ချက်အသစ်များ ထုတ်ပြန်ထားပြီး သက်ရောက်မှုကာလဟာ ခြောက်လအထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

စပိန်မှာလည်း မက်ဒရစ်မြို့မှ ကူးစက်မှုအခြေအနေဟာ တင်းကျပ်တဲ့ စည်းမျဥ်းကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ခြင်း မရှိပါက စိုးရိမ်ရတဲ့အန္တရာယ်ရှိနေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဥရောပတစ်လွှားမှာ COVID-19 ကူးစက်မှု ကိန်းဂဏန်းများ မြင့်တက်နေမှုဟာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း (World Health Organization - WHO) ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က ယခုလအတွင်း သတိပေးထားခဲ့ပါတယ်။

ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်မီ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ၂ သန်းဖြစ်လာနိုင်ဟု WHO ပြော

COVID-19 ကူးစက်မှုတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

လတ်တလော ရက်ပိုင်းအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေပါတယ်။ အရှေ့တောင်အာရှမှာ ဖိလစ်ပိုင်က ကူးစက်ခံရသူ ၃၀၀,၀၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားမှာတော့ ကူးစက်ခံရသူ ၂၇၁,၀၀၀ ကျော် တွေ့ရှိထားပြီး ဒေသတွင်း ကူးစက်မှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

COVID-19 ကြောင့် သေဆုံးမှုမှာတော့ အင်ဒိုနီးရှားက အရှေ့တောင်အာရှ နိုင်ငံတွေအနက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၁၀,၃၀၈ ဦးရှိခဲ့ပါတယ်။ ဖိလစ်ပိုင်က သေဆုံးသူ ၅,၂၈၄ ဦးရှိခဲ့ပြီး အရှေ့တောင်အာရှမှ COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။

ထိုအတောအတွင်း COVID-19 ကြောင့် သေဆုံးမှုတွေ သိသာစွာ မြင့်တက်လာတဲ့ မြန်မာနိုင်ငံမှာ သေဆုံးသူအရေအတွက် ၁၉၈ ဦးအထိရှိလာပြီး မလေးရှားကိုကျော်လွန်ကာ ဒေသတွင်း တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်ပိုင်းမှစပြီး ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာခဲ့ရာ အများစုဟာ ပြည်တွင်းကူးစက်မှုများ ဖြစ်ပါတယ်။ မြန်မာက ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားပြီးလျှင် ပဥ္စမမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန် Stay Home ကာလအတွင်း သတ်မှတ်ချက်နဲ့မကိုက်ညီဘဲ သွားလာနေတဲ့ ယာဉ်တွေကို အရေးယူတော့မည်

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၉,၉၉၁ ဦး၊ သေဆုံးသူ ၁၉၈ ဦးနဲ့ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၂,၆၈၁ ဦးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်နေတာကြောင့် ရန်ကုန်တစ်တိုင်းလုံးအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လေးခု (မန္တလေး၊ ပဲခူး၊ မွန်၊ ဧရာဝတီ) ရှိ မြို့နယ် ၁၁ ခုကို Stay at Home သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က