ကပ်ရောဂါကာလမတိုင်မီ ပုံမှန်အခြေအနေကို မည်သည့်အချိန်မှာ ပြန်ရောက်မယ်ဆိုတာ စိတ်ဝင်စားနေကြပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေခဲ့တာ ၉ လနီးပါးရှိလာခဲ့ပြီး လူဦးရေ ၃၃ သန်းကျော် ကူးစက်ခံရကာ သေဆုံးသူ ၁ သန်းကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူ ၃၃ သန်းကျော်အနက် ၂၄.၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။

COVID-19 ထိန်းချုပ်ကာကွယ်ရေး ကမ္ဘာ့နိုင်ငံအသီးသီးက lockdown စီမံဆောင်ရွက်မှုတွေ၊ စည်းမျဥ်းကန့်သတ်ချက်တွေ သတ်မှတ်ထုတ်ပြန်ပြီး ကြိုးပမ်းနေကြရဆဲ ဖြစ်ပါတယ်။ COVID-19 ကို ရေရှည်ကာလမှာ ထိထိရောက်ရောက် ကာကွယ်နိုင်ရန်နဲ့ ကုသနိုင်ရန်လည်း ကမ္ဘာ့တစ်ဝန်းမှာ ကာကွယ်ဆေးတွေနဲ့ ကုထုံးတွေကို စမ်းသပ်နေကြပါတယ်။



COVID-19 ထိန်းချုပ်တိုက်ဖျက်ရေးမှာ ကာကွယ်ဆေးတစ်ခုရရှိနိုင်ရေးက အရေးတကြီး အခြေအနေဖြစ်နေပါတယ်။ ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးရရှိကာ ကပ်ရောဂါကာလမတိုင်မီ ပုံမှန်အခြေအနေကို မည်သည့်အချိန်မှာ ပြန်ရောက်မယ်ဆိုခြင်းအပေါ် အမေရိကန် အပါအဝင် ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားနေကြပါတယ်။ အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာမှာ ကျွန်တော်တို့ ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတစ်မျိုးရလာမယ်လို့ ယုံကြည်ပါတယ်၊ မျှော်လင့်နေပါတယ်

ဒေါက်တာ Fauci ဘာပြောလဲ?

ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က ကာကွယ်ဆေးတစ်ခုရရှိလာပြီး အမေရိကန်မှာ ပုံမှန်အခြေအနေ ပြန်ရောက်မယ့်အလားအလာအပေါ် သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒေါက်တာ Fauci က ထိုကိစ္စရပ်အပေါ် သတိထားပြီး အကောင်းမြင် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

"ကျွန်တော် သတိထားပြီး အကောင်းမြင်မိပါတယ်၊ အစောပိုင်းအဆင့် လူတွေမှာစမ်းသပ်မှုနဲ့ တိရိစ္ဆာန်မှာ စမ်းသပ်လေ့လာမှုရဲ့ ကနဦး အချက်အလက်တွေအရ ကျွန်တော်တို့ ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတစ်ခု ရရှိလာမှာပါ" လို့ ဒေါက်တာ Fauci က ITV News ကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ကိုဗစ်ကြောင့် သေဆုံးသူ ကမ္ဘာတစ်ဝန်းမှာ ၁ သန်းကျော်လွန်ပြီဖြစ်

"ဘယ်လောက်ထိရောက်မှု ရှိလာမလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်ပါတယ်၊ ဒါပေမဲ့ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာမှာ ကျွန်တော်တို့ ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတစ်မျိုးရလာမယ်လို့ ယုံကြည်ပါတယ်၊ မျှော်လင့်နေပါတယ်၊ ဒါပေမဲ့ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အဲဒီအချိန်မှာ ကာကွယ်ဆေးရလာဖို့က အာမ,မခံနိုင်ပါဘူး၊ ဒါပေမဲ့လည်း ဒါက အကျိုးသင့်အကြောင်းသင့် ခန့်မှန်းချက်တစ်ခုပါ" လို့ ဒေါက်တာ Fauci က ရှင်းပြပါတယ်။

ဒေါက်တာ Fauci ရဲ့ ခန့်မှန်းမှုအရ ၂၀၂၁ ခုနှစ်ရဲ့ တတိယသုံးလပတ် သို့မဟုတ် စတုတ္တသုံးလပတ်မှာ လူတွေနဲ့ စီးပွားရေးနဲ့ အခြားကဏ္ဍတွေဟာ ပုံမှန်အခြေအနေကို ပြန်ရောက်ရန် တာစူနေကြတာ စတင်မြင်ရမယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ပုံမှန်အခြေအနေ ပြန်‌ရောက်မယ့်အချိန်ကာလဟာ သီအိုရီအရ များစွာပိုစောနိုင်ကြောင်း၊ သို့သော် လာမယ့်နှစ်ရဲ့ ဒုတိယနှစ်ဝက်မတိုင်မီ လုံလောက်တဲ့ အမေရိကန်ပြည်သူ အရေအတွက်ကို ကာကွယ်ဆေးထိုးပေးပြီးသား ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ဒေါက်တာ Fauci က ပြောပါတယ်။

ကာကွယ်ဆေးတွေ စမ်းသပ်နေဆဲ

အလားအလာရှိတဲ့ ကာကွယ်ဆေးအချို့ကို လက်ရှိမှာ လူတွေနဲ့ စမ်းသပ်မှုတွေ နောက်ဆုံးအဆင့် လုပ်ဆောင်နေကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်စမ်းသပ်နေကြတဲ့ COVID-19 ကာကွယ်ဆေးတွေဟာ သီတင်းပတ်များခြားပြီး နှစ်ကြိမ်ထိုးနှံရခြင်းဖြစ်ရာ ကာကွယ်ဆေးဖြန့်ဝေမှုမှာ ရှုပ်ထွေးမှုဖြစ်စေနိုင်ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာတော့ အမေရိကန်အခြေစိုက် Johnson & Johnson (J&J) ဆေးဝါးကုမ္ပဏီရဲ့ တစ်ကြိမ်တည်း ထိုးနှံရတဲ့ စမ်းသပ်အဆင့် COVID-19 ကာကွယ်ဆေး အစောပိုင်းအဆင့်စမ်းသပ်မှု ကြားဖြတ်ရလဒ်များကို ထုတ်ပြန်ခဲ့ရာ အားကောင်းတဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုရှိခဲ့ကြောင်း သိရပါတယ်။

mask တွေက ကျွန်တော့်တို့မှာရှိတဲ့ အ‌ရေးအကြီးဆုံးနဲ့ အစွမ်းထက်တဲ့ အများပြည်သူကျန်းမာရေး အသုံးအဆောင်တစ်ခုပါပဲ

ကာကွယ်ဆေး အစောပိုင်းအဆင့် စမ်းသပ်မှုမှာ ပါဝင်ခဲ့သူ ၁,၀၀၀ အနက် ၉၈ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီး ၂၉ ရက်အကြာမှာ ပဋိပစ္စည်းများထွက်ရှိခဲ့တယ်လို့ J&J ရဲ့ Janssen Pharmaceuticals မှ အပါအဝင် သုတေသီတွေက ပြောပါတယ်။ J&J ရဲ့ COVID-19 ကာကွယ်ဆေး တတိယအဆင့် စမ်းသပ်မှုတွေကို လူဦးရေ ၆၀,၀၀၀ နဲ့ စတင်နေပြီဖြစ်ပြီး ယခုနှစ်ကုန် သို့မဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ စမ်းသပ်မှုရလဒ်တွေ သိရှိနိုင်မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

တစ်ကြိမ်တည်း ထိုးနှံရတဲ့ ကိုဗစ်ကာကွယ်ဆေး အစောပိုင်းစမ်းသပ်မှုမှာ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုရှိခဲ့

mask တွေက အရေးကြီး

၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေးတစ်ခုကို အတည်ပြုပြီး ဖြန့်ဖြူးခဲ့ပါကလည်း mask တပ်ခြင်းနဲ့ ခပ်ခွာခွာနေခြင်းကဲ့သို့ အများပြည်သူ ကျန်းမာရေးစီမံဆောင်ရွက်မှုတွေ လိုအပ်နိုင်ကြောင်း ဒေါက်တာ Fauci နဲ့ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Centers for Disease Control and Prevention - CDC) ဒါရိုက်တာ Robert Redfield တို့က သတိပေးထားပါတယ်။

"mask တွေက ကျွန်တော့်တို့မှာရှိတဲ့ အ‌ရေးအကြီးဆုံးနဲ့ အစွမ်းထက်တဲ့ အများပြည်သူကျန်းမာရေး အသုံးအဆောင်တစ်ခုပါပဲ" လို့ Robert Redfield က စက်တင်ဘာ ၁၆ ရက်နေ့ ဆီးနိတ်လွှတ်တော် ကြားနာမှုအစီအစဥ်တစ်ရပ်အတွင်း ပြောကြားခဲ့ပါတယ်။ "ဒီ mask က ကျွန်တော့်ကို COVID-19 ကနေ ကာကွယ်ဖို့ ကျွန်တော် ကာကွယ်ဆေးထိုးတာထက် ပိုပြီး အာမခံချက်ပေးနိုင်တယ်လို့ဆိုရင် ကျွန်တော် ပိုပြောတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လို့ အမေရိကန် CDC ဒါရိုက်တာ Robert Redfield က ဆိုပါတယ်။

ဂျပန်နိုင်ငံထုတ် Avigan ဆေးဖြင့် ကိုဗစ်ကုသရေး တတိယအဆင့်စမ်းသပ်မှု ထိရောက်မှုရှိ

Ref: Eat This, Not That, Photo: Reuters, AFP, Bangkok Post

Share

Loading Next Article...
က္က