လူမှုရေးစုရုံးမှုအတွက် အများဆုံး အိမ်ထောင်စုနှစ်ခုမှ လူဦးရေ ၁၀ ဦးအထိသာ ခွင့်ပြုထားပါတယ်။

ဂျာမနီနိုင်ငံမှာ ဆေးရုံတွေပြည့်သွားမယ့် အန္တရာယ်ရှိနေတဲ့ COVID-19 ကူးစက်မှု မြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရန် တစ်လကြာ အရေးပေါ် lockdown သတ်မှတ်သွားမယ်လို့ ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်က အောက်တိုဘာ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: Reuters)

ဂျာမနီမှာ lockdown သတ်မှတ်ချက်အရ စားသောက်ဆိုင်များ၊ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများနဲ့ ရုပ်ရှင်ရုံများ ပိတ်ထားစေခြင်းကဲ့သို့ စီမံဆောင်ရွက်မှုတွေ ပါဝင်မှာဖြစ်ပါတယ်။ "ကျွန်မတို့ အခု အရေးယူဆောင်ရွက်ဖို့ လိုပါတယ်" လို့ မာကယ်လ်က ပြောပါတယ်။



ယခုလက်ရှိ ကူးစက်မှုအရေအတွက် သိသာစွာ မြင့်တက်နေမှုအရ အချင်းချင်း ထိတွေ့မှုတွေလျှော့ချရေးနဲ့ ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်ပြန်းထန်တဲ့ အစီအမံသစ်တွေ သတ်မှတ်ဆောင်ရွက်ရန်အတွက် လုံလောက်တဲ့ နိုင်ငံရေးအရနဲ့ ပြည်သူလူထု ထောက်ခံမှု ရရှိစေခဲ့ကြောင်းလည်း ဂျာမန်အဓိပတိက ဆိုပါတယ်။

(ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်) (Photo: AFP)

ဂျာမနီမှာ နိုင်ဝင်ဘာ ၂ ရက်နေ့မှစပြီး lockdown စီမံဆောင်ရွက်မှုများ သက်ရောက်လာမှာဖြစ်ပြီး လူမှုရေးစုရုံးမှုအတွက် အများဆုံး အိမ်ထောင်စုနှစ်ခုမှ လူဦးရေ ၁၀ ဦးအထိသာ ခွင့်ပြုထားပါတယ်။ စားသောက်ဆိုင်များ၊ ဘားဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ကဇာတ်ရုံများ၊ ရေကူးကန်များနဲ့ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများကို ပိတ်ထားမှာဖြစ်ပြီး ဂီတဖျော်ဖြေပွဲတွေကို ဖျက်သိမ်းထားမယ်လို့ သိရပါတယ်။ အားကစားပွဲတွေကိုတော့ ပရိသတ်မပါဘဲ ဆက်လက် ယှဥ်ပြိုင်ကစားခွင့်ပြုထားမှာ ဖြစ်ပါတယ်။

ထို့အတူ ပြည်သူတွေကို ကိုယ်ရေးကိုယ်တာအတွက်နဲ့ မဖြစ်မနေ မဟုတ်တဲ့ အကြောင်းကိစ္စအတွက် ခရီးမသွားရန် ပြောကြားမှာဖြစ်ပြီး ဟိုတယ်တွေမှာလည်း မလွှဲမရှောင်သာ လုပ်ငန်းကိစ္စ ခရီးသွားရသူတွေကိုသာ ညအိပ်တည်းခိုခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ ကျောင်းတွေနဲ့ နေ့ကလေးထိန်းဌာနတွေကိုတော့ ဆက်လက်ဖွင့်ထားပြီး ဈေးဆိုင်တွေဟာ ခပ်ခွာခွာနေရန်နဲ့ သန့်ရှင်းရေးဆိုင်ရာ စည်းမျဥ်းတွေကို လိုက်နာဆောင်ရွက်နေသမျှ ဖွင့်လှစ်ရောင်းချခွင့်ရမယ်လို့ သိရပါတယ်။

(Photo: AFP)

ဂျာမနီမှာ ယခု သတ်မှတ်သွားမယ့် lockdown စည်းမျဥ်းသစ်တွေက ဒေသအလိုက် ယခင် ထုတ်ပြန်ထားတဲ့ စီမံဆောင်ရွက်မှုတွေကို အစားထိုးသွားမှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံသူ ၄၇၉,၀၀၀ ကျော်၊ သေဆုံးသူ ၁၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာလာသူ ၃၃၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ထိုအတောအတွင်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ စံချိန်တင် မြင့်တက်နေတဲ့ ပြင်သစ်မှာလည်း တစ်နိုင်ငံလုံးကို ဒုတိယအကြိမ် lockdown သတ်မှတ်လိုက်ပြီး အနည်းဆုံး နိုဝင်ဘာတစ်လလုံး ကြာမြင့်မယ်လို့ သမ္မတအီမန်နျူရယ်မက်ခရွန်က အောက်တိုဘာ ၂၈ ရက်နေ့ နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း ဂျာမနီနဲ့ ပြင်သစ်သာမက ဥရောပတစ်လွှား COVID-19 ကူးစက်မှုတွေ နိုင်ငံအများအပြားမှာ မြင့်တက်နေခဲ့ပြီး ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ သတ်မှတ်ဆောင်ရွက်နေကြပါတယ်။

(Photo: EPA-EFE)

COVID-19 ဒုတိယလှိုင်း ရင်ဆိုင်နေရပြီး ကူးစက်မှုအသစ်တွေ တစ်ဟုန်ထိုးမြင့်တက်နေတဲ့ စပိန်မှာတော့ တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး ကန်နရီကျွန်းစု (Canary Islands) ကလွဲပြီး နိုင်ငံရဲ့ နေရာအားလုံးမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။ စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာထားမှုဟာ ၂၀၂၁ ခုနှစ် မေလဆန်းအထိ ခြောက်လကြာနိုင်တယ်လို့ ဆိုပါတယ်။ စပိန်မှာ အစိုးရရဲ့ COVID-19 ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေကို ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကူးစက်မှုတွေ မြင့်တက်နေတဲ့ အီတလီနိုင်ငံမှာလည်း အစိုးရက နယ်မြေဒေသအလိုက် ညမထွက်ရအမိန့်ထုတ်ခြင်း၊ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ညနေ ၆ နာရီ ပိတ်ခိုင်းခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများ၊ ရေကူးကန်များနဲ့ ရုပ်ရှင်ရုံများ ပိတ်ထားခြင်း အပါအဝင် အစီအမံတွေ သတ်မှတ်ခဲ့ရာ ကန့်ကွက်ဆန္ဒပြမှုတွေ မြို့ကြီးတွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က