လက်ရှိအချိန်အထိ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။

တူရကီအနောက်ပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ၉၁ နာရီအကြာမှာ အသက်သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဆောက်အအုံ အပျက်အစီးများအောက်မှ အံ့အားသင့်ဖွယ် အသက်ရှင်လျင် ကယ်ထုတ်နိုင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

ယနေ့ (နိုဝင်ဘာ ၃ ရက်) မှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ ကလေးငယ်မတိုင်မီ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာလည်း အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး၊ အသက် ၁၄ နှစ်နဲ့ သုံးနှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးတို့ကို ငလျင်လှုပ်ပြီးနောက် နာရီပေါင်းအတန်ကြာမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး အံ့အားသင့်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၃၀ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းက Aegean ပင်လယ်ထဲမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် တူရကီနဲ့ ဂရိနိုင်ငံတို့မှာ ယနေ့ (နိုဝင်ဘာ ၃ ရက်) မွန်းလွဲပိုင်းအထိ သေဆုံးသူ ၁၀၀ ကျော်ရှိလာခဲ့ကြောင်းလည်း သိရပါတယ်။



"၉၁ နာရီအတွင်း အံ့အားသင့်ဖွယ်ဖြစ်ရပ်ကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့ခဲ့ကြရပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့က Ayda ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်၊ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ အကြီးမားဆုံး နာကျင်မှုနဲ့အတူ ကျွန်တော်တို့မှာ ဒီဝမ်းသာပျော်ရွှင်ရမှုလည်းပဲ ရှိခဲ့ပါတယ်" လို့ Izmir မြို့တော်ဝန် Tunc Soyer က Twitter မှာ ပြောခဲ့ပါတယ်။

(Photo: AP)

အစောပိုင်းမှာ မြို့တော်ဝန်က အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ မိန်းကလေးငယ်ရဲ့အသက်ကို လေးနှစ်လို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ တူရကီကျန်းမာရေးဝန်ကြီး Fahrettin Koca က သူမရဲ့ဟာ သုံးနှစ်သမီးလေးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သေကံမရောက်ခဲ့သူလေး Ayda ကို ရစ်ချ်တာစကေး ၇.၀ (USGS ဝက်ဘ်ဆိုက်က ဖော်ပြမှုအရ) အဆင့်ရှိ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှု အဆိုးရွားဆုံး သက်ရောက်ခဲ့ရာ Bayrakli မြို့ရှိ ပြိုကျသွားတဲ့ အဆောက်အအုံ အပျက်အစီးများထဲမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

တူရကီနဲ့ ဂရိမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ပြင်းအားကို ဖော်ပြရာမှာ အမေရိကန် ဘူမိဗေဒဆိုင်ရာဌာနဝက်ဘ်ဆိုက် United States Geological Survey (USGS) က ရစ်ချ်တာစကေး ၇.၀ အဖြစ်လည်းကောင်း၊ အစ္စတန်ဘူလ်မြို့အခြေစိုက် Kandilli Institute က ၆.၉ အဖြစ်လည်းကောင်း၊ တူရကီနိုင်ငံ Disaster and Emergency Management Presidency (AFAD) ကတော့ ၆.၆ အဖြစ်လည်းကောင်း အသီးသီး သတ်မှတ်ဖော်ပြခဲ့ကြပြီး ကွဲလွဲမှုရှိခဲ့ပါတယ်။

(Photo: AFP)

ငလျင်လှုပ်ခတ်ပြီးနောက် Izmir မြို့ရှိ Seferihisar ခရိုင်နဲ့ ဂရိနိုင်ငံ Samos ကျွန်းတို့မှာ အသေးစား ဆူနာမီရေလှိုင်း တက်ရောက်ခဲ့ပါတယ်။ ငလျင်လှုပ်မှုကို အစ္စတန်ဘူလ်အပါအဝင် တူရကီအနောက်ပိုင်းတစ်လျှောက်နဲ့ ဂရိနိုင်ငံ အေသင်မြို့တော်တို့မှာလည်း ခံစားသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ငလျင်လှုပ်မှုကြောင့် ယနေ့အထိ တူရကီမှာ သေဆုံးသူ ၁၀၂ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ၁,၀၂၆ ဦးရှိခဲ့ကာ ၎င်းတို့အနက် ၁၄၃ ဦးဟာ ဆေးရုံတက်နေရဆဲဖြစ်ကြောင်း AFAD က ထုတ်ပြန်ပါတယ်။

ငလျင်ကြီးလှုပ်အပြီး တူရကီမှာ နောက်ဆက်တွဲငလျင် အကြိမ်ရေ ၁,၄၇၅ ကြိမ် လှုပ်ခတ်ခဲ့ပြီး ၄၄ ကြိမ်ဟာ ရစ်ချ်တာစကေး ၄ အထက်ဖြစ်ကြောင်းလည်း သိရပါတယ်။ ငလျင်ကြောင့် သေဆုံးဒဏ်ရာရသူ အများစုဟာ တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Izmir မြို့မှဖြစ်ပြီး ဂရိနိုင်ငံ Samos ကျွန်းမှာလည်း ဆယ်ကျော်သက်နှစ်ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ တူရကီနဲ့ဂရိ နှစ်နိုင်ငံလုံးဟာ ကမ္ဘာ့မြေလွှာ ပြတ်ရွေ့ကြောင်းပေါ်မှာ တည်ရှိနေကြပြီး ငလျင်လှုပ်မှုတွေ ဖြစ်လေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က