မဲလက်မှတ် သန်းနဲ့ချီပြီး ‌‌ရေတွက်ရန်ကျန်ရှိနေသေးချိန်မှာ ထရန့်က ရွေးကောက်ပွဲအနိုင်ရကြောင်း ပြောခဲ့တာပါ။
Ko John

အမေရိကန်သမ္မတ‌ ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၃ ရက် ညပိုင်းက အိမ်ဖြူတော်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ် ပြောခဲ့ပါတယ်။

(Photo: Getty Images)

သမ္မတထရန့်က ၎င်းရဲ့ မိသားစုနဲ့ သန်းနဲ့ချီတဲ့ ထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း အစချီပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ "ကျွန်တော်တို့ ကြီးမားတဲ့ အောင်ပွဲခံမှုအတွက် အသင့်ဖြစ်နေခဲ့ပြီ၊ ကျွန်တော် အရာအားလုံး အနိုင်ရခဲ့တယ်" လို့ ထရန့်က ဆိုပါတယ်။ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ သန်းနဲ့ချီတဲ့ မဲလက်မှတ်တွေကို ရေတွက်ရန်ကျန်ရှိနေသေးပေမဲ့ ထရန့်က အနိုင်ရပြီလို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ဒီရွေးကောက်ပွဲ အနိုင်ခဲ့ပြီ" လို့ ထရန့်က ပြောခဲ့ပါတယ်။ မဲလက်မှတ် သန်းနဲ့ချီပြီး ‌‌ရေတွက်ရန်ကျန်ရှိနေသေးချိန်မှာ ရွေးကောက်ပွဲအနိုင်ရကြောင်း ယုံကြည်စိတ်ချစွာ ပြောကြားရန် စောလွန်နေသေးတယ်လို့ BBC သတင်းက ဆိုပါတယ်။ ထရန့်ရဲ့က ရွေးကောက်ပွဲမှာ မသမာမှုရှိခဲ့တယ်လို့လည်း ထရန့်က အထောက်အထားမပါဘဲ ပြောဆိုခဲ့ပါတယ်။

(Photo: Getty Images)

ထရန်နဲ့ ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ကြား အမေရိကန် အလယ်ပိုင်းတစ်လျှောက်နဲ့ ပင်ဆယ်ဗေးနီးယား၊ မီချီဂန်၊ ဂျော်ဂျီယာ၊ ဝစ်ကွန်ဆင်ကဲ့သို့ ပြည်နယ်တွေမှာ မဲကွာဟမှု ကျဥ်းမြောင်းနေခဲ့ပါတယ်။ ဂျိုးဘိုင်ဒန်ကတော့ မဲလက်မှတ်အားလုံးကို ရေတွက်မပြီးမချင်း ယှဥ်ပြိုင်မှု မပြီးဆုံးသေးကြောင်း ထောက်ခံသူတွေကို ပြောခဲ့ပြီးနဲ့ အနိုင်ရမယ့် လမ်းကြေင်းပေါ်မှာရှိနေတယ်လို့ အခိုင်အမာ ဆိုပါတယ်။

အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

အမေရိကန်ရွေးကောက်ပွဲမှာ ဝစ်ကွန်ဆင်နဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ်တွေရဲ့ စာတိုက်မဲတွေ ‌ရေတွက်မှု မစတင်ရသေးဘဲ ‌မဲရေတွက်မှုက ရက်နဲ့ချီကြာမယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ အဆိုပါ ပြည်နယ်နှစ်ခုမှာ စုစုပေါင်း Electroal College မဲအရေအတွက် ၃၀ အထိရှိတာဖြစ်လို့ အရေးပါတဲ့ ပြည်နယ်တွေလည်း ဖြစ်ပါတယ်။

(Infographic: AP)

လက်ရှိမှာ Electroal College မဲရလဒ်သိရှိရန် ကျန်ရှိနေသေးတဲ့ ပြည်နယ်ရှစ်ခုရှိပြီး ဂျော်ဂျီယာ၊ ဝစ်ကွန်ဆင်၊ မြောက်ကာရိုလိုင်းနား၊ ပင်ဆယ်ဗေးနီးယား၊ မီချီဂန်၊ နီဗားဒါး၊ ဟာဝိုင်အီနဲ့ အလက်စကာတို့ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၄ ရက်) မွန်းလွဲ ၃ နာရီအထိ အမေရိကန်ပြည်နယ်တွေရဲ့ Electoral College မဲတွေ ရေတွက်ပြီးစီးမှု ရလဒ်အရ ဂျိုးဘိုင်ဒန်က ၂၃၈ မဲနဲ့ ထရန့်က ၂၁၃ မဲ အသီးသီး ရရှိထားကြောင်း AP ‌က ဖော်ပြပါတယ်။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။ လက်ရှိအချိန်အထိ Electoral College မဲ ၄၅၁ မဲရဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီဖြစ်ရာ နောက်ထပ် ၈၇ မဲရဲ့ ရလဒ်တွေကို ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။ လက်ကျန်မဲတွေအနက် ဂျိုးဘိုင်ဒန်က ၃၂ မဲရရှိပါက အနိုင်ရမှာဖြစ်ပြီး ထရန့်က နောက်ထပ် ၅၇ မဲရရှိရန် လိုအပ်ပါတယ်။

(Photo: AP)

နိုဝင်ဘာ ၃ ရက်နေ့ဟာ သတ်မှတ်ထားတဲ့ အမေရိကန်ရွေးကောက်ပွဲနေ့ဖြစ်ပြီး အမေရိကန်ပြည်သူအများအပြားကတော့ လွန်ခဲ့တဲ့ သီတင်းများအတွင်း စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုတို့ဖြင့် မဲပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်းဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံးစံချိန်သစ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ မဲပေးမှုတွေ မြင့်တက်လာခြင်းက ရီပတ်ဘလစ်ကင်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ် ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ကြား ယှဥ်ပြိုင်မှုအပေါ် မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု အလွန်ကြီးမားနေတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။


Author


က္က