အဆုံးအဖြတ်ဖြစ်မယ့် အဓိက ပြည်နယ်တွေမှာ မဲကွာဟချက် ကျဥ်းမြောင်းပြီး အကြိတ်အနယ်ရှိနေပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ်ဟာ မြန်မာစံတော်ချိန် နိုဝင်ဘာ ၄ ရက် ည ၁၀ အချိန်အထိ အနိုင်အရှုံး သေချာစွာ မသိနိုင်သေးဘဲ အဆုံးအဖြတ်ဖြစ်မယ့် အဓိက ပြည်နယ်တွေမှာ မဲကွာဟချက် ကျဥ်းမြောင်းပြီး အကြိတ်အနယ်ရှိနေပါတယ်။

(Photo: AFP)

ရီပတ်ဘလစ်ကင်ပါတီမှ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်က ၎င်းအနိုင်ရရှိကြောင်း အိမ်ဖြူတော်မှာ ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ မသမာမှုရှိကြောင်း အထောက်အထားမဲ့ ပြောဆိုကာ တရားရုံးချုပ်မှာ အရေးဆိုမယ်လို့ ပြောခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကတော့ မဲရေတွက်မှုမပြီးမချင်း ရွေးကောက်ပွဲယှဥ်ပြိုင်မှု မပြီးဆုံးသေးကြောင်းနဲ့ အနိုင်ရရန် လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ ဆိုထားခဲ့ပါတယ်။



အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?

ယနေ့ ညပိုင်းအထိ မဲအရေအတွက် သန်းနဲ့ချီ ရေတွက်ရန်ကျန်ရှိနေသေးပြီး သမ္မတလောင်းနှစ်ဦးလုံးဟာ အနိုင်ရပြီလို့ ခိုင်မာစွာ မပြောနိုင်သေးကြောင်းနဲ့ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားလည်း မရှိခဲ့ဘူးလို့ BBC သတင်းက ဖော်ပြထားပါတယ်။ အမေရိကန်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်းဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံး စံချိန်သစ်တင်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့မတိုင်မီ မဲဆန္ဒရှင် သန်း ၁၀၀ ကျော်က စာတိုက်မှတစ်ဆင့်နဲ့ ကြိုတင်မဲပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မဲရေတွက်မှုတွေ အပြီးမသတ်သေးတာကြောင့် ယခုနှစ် အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကို တရားဝင်သိရှိရန် ရက်နဲ့ချီ ကြာမြင့်နိုင်ပါတယ်။

မြန်မာစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၄ ရက်) ည ၁၀ နာရီအချိန်အထိ အမေရိကန်ပြည်နယ်တွေရဲ့ Electoral College မဲတွေ ရေတွက်ပြီးစီးမှု ရလဒ်အရ ဂျိုးဘိုင်ဒန်က ၂၃၈ မဲနဲ့ ထရန့်က ၂၁၃ မဲ အသီးသီး ရရှိထားကြောင်း AP ‌သတင်းဌာနက ဖော်ပြပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။

(Infographic: RT)

လက်ရှိအချိန်အထိ Electoral College မဲ ၄၅၁ မဲရဲ့ ရလဒ်များထွက်ပေါ်ခဲ့ပြီဖြစ်ရာ နောက်ထပ် ၈၇ မဲရဲ့ ရလဒ်တွေကို ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။ လက်ကျန်မဲတွေအနက် ဂျိုးဘိုင်ဒန်က ၃၂ မဲရရှိပါက အနိုင်ရမှာဖြစ်ပြီး ထရန့်က နောက်ထပ် ၅၇ မဲရရှိရန် လိုအပ်ပါတယ်။ ထူးခြားတဲ့ အပြောင်းအလဲအဖြစ် အစောပိုင်းမှာ ထရန့် ဦးဆောင်နေခဲ့တဲ့ ဝစ်ကွန်ဆင်ပြည်နယ်၊ မီချီဂန်ပြည်နယ်တို့မှာ ယခုအခါ ဂျိုးဘိုင်ဒန်က အနည်းငယ်မျှ အသာရမှုရှိလာခဲ့ပါတယ်။

ထိုပြည်နယ်နှစ်ခုရဲ့ Electoral College မဲအရေအတွက်မှာ ၂၆ မဲ ဖြစ်ပါတယ်။ Electoral College မဲရလဒ်တွေ သိရှိရန်ကျန်ရှိနေတဲ့ ပြည်နယ်တွေမှာ ဝစ်ကွန်ဆင်၊ မီချီဂန်၊ ဂျော်ဂျီယာ၊ အာရီဇိုနား၊ ပင်ဆယ်ဗေးနီးယား၊ နီဗားဒါး၊ အလက်စကာနဲ့ မြောက်ကာရိုလိုင်းနားတို့ ဖြစ်ပါတယ်။

ထိုပြည်နယ်တွေအနက် ဝစ်ကွန်ဆင်၊ မီချီဂန်၊ ဂျော်ဂျီယာ၊ အာရီဇိုနားတို့ရဲ့ Electoral College မဲရလဒ်တွေကို နိုဝင်ဘာ ၄ ရက်မှာလည်းကောင်း၊ ပင်ဆယ်ဗေးနီးယားရဲ့ မဲရလဒ်ကို နိုဝင်ဘာ ၆ ရက်မှာလည်းကောင်း သိရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နီဗားဒါး၊ အလက်စတာတို့မှ စာတိုက်မဲတွေကို နိုဝင်ဘာ ၁၀ ရက်မှာလည်းကောင်း၊ မြောက်ကာရိုလိုင်းနားရဲ့ စာတိုက်မဲတွေကို နိုဝင်ဘာ ၁၂ ရက်မှာလည်းကောင်း အပြီးသတ် ရေတွက်ရန်သတ်မှတ်ထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က